တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က ဒီသီတင်းပတ်မှာ ပြုလုပ်တဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့ ရေအောက် နျူးကလီးယား လက်နက်စနစ်ကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဟာအီးလ်လို့ မြောက်ကိုရီးယားက အမည်ပေးထားတဲ့ နျူးကလီးယားစွမ်းရည်ရှိ ရေအောက်တိုက်ခိုက်ရေးဒရုန်းတွေ စမ်းသပ်မှုကို အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေပြင်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကြံပေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး ရက်စွဲအတိအကျ မပါရှိပါဘူး။
ဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့စစ်တပ်ရဲ့ ရေအောက် နျူးကလီးယားကို အခြေခံတဲ့ တန်ပြန်တဲ့ အနေအထားကို နောက်ထပ် ပြီးပြည့်စုံအောင် လုပ်ဆောင်နေပြီး သူ့ရဲ့ အမျိုးမျိုးသော ရေကြောင်းနဲ့ ရေအောက်တုံ့ပြန်ရေး လုပ်ဆောင်ချက်တွေဟာ အမေရိကန်နဲ့ သူ့မဟာမိတ် ရေတပ်တွေရဲ့ ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက် ဟန့်တားလိမ့်မှာ ဖြစ်ကြောင်း”ထုတ်ပြန်ချက်မှာ ပြောကြားကြောင်း KCNA အရ သိရပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ရေတပ်တို့ဟာ နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေအပေါ် သူတို့ရဲ့ တုံ့ပြန်မှုတွေကို မြှင့်တင်ဖို့ တစိတ်တပိုင်း ကြိုးပမ်းမှုအနေနဲ့ အခုတပတ် ဇန်နဝါရီ ၁၇ ရက်အထိ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်နဲ့အတူ ပြုလုပ်ခဲ့ပါတယ်။
Source/Photo-Reuters