အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဗာဒိုဒါရာမြို့မှာ ဇန်နဝါရီ ၁၈ ရက်က ပျော်ပွဲစားထွက်ချိန်အတွင်း စီးနင်းလာတဲ့ လှေတစင်း နစ်မြုပ်ခဲ့တာကြောင့် ကလေးငယ် ၁၂ ဦးနဲ့ ဆရာ ၂ ဦးထက်မနည်း ရေနစ်သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဗာဒိုဒါရာမြို့ရှိ ဟာနီရေကန်ကနေ ကလေးငယ် အများအပြားကို ဘေးလွတ်ရာ ဆွဲထုတ်ခဲ့ပြီး ပျောက်ဆုံးနေသူ ၂ ဦးကို ထပ်မံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့နဲ့ ခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။
“လှေပေါ်မှာ ကျောင်းသား ၂၇ ယောက်ရှိပြီး သူတို့ကိုကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်” လို့ ဗာဒိုဒါရာ လက်ထောက်ကော်မရှင်နာ အေဘီဂေါရ်က ပြောပါတယ်။
တချို့ကလေးတွေဟာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရကြောင်း၊ လှေပေါ်မှာ လူဘယ်လောက် လိုက်ပါခဲ့တယ်ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ဒါပေမဲ့ ဒေသတွင်းမီဒီယာတွေကတော့ ဒီအဖြစ်အပျက် နောက်ကွယ်မှာ လူတွေအပြည့်အလျှံ ရှိနိုင်ကြောင်း မှန်းဆဖော်ပြနေကြပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအစီရင်ခံချက်တွေကို အတည်မပြုထားပါဘူး။
ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ ရုံးကတော့ အသက်တွေ ဆုံးရှုံးရလို့ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဖက်ဒရယ်အစိုးရဟာ သေဆုံးသွားတဲ့ မိသားစုတွေကို နစ်နာကြေး ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅ သောင်း လျော်ကြေးပေးမယ်လို့ ဆိုထားပါတယ်။
ပြည်နယ်အစိုးရကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေ ရူပီး ၄ သိန်း ပေးမယ်လို့ ကြေညာထားပါတယ်။
Source/Photo-Reuters