စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအတွင်းမှာ စစ်တပ်က ပစ်သတ်ထားခဲ့တဲ့ မဲအိုးရွာသား ၄ ဦးအလောင်းကို ဇန်နဝါရီ ၁၉ ရက် ဒီနေ့ မနက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းက မနေ့ မနက်ခင်း အစောပိုင်း ၄ နာရီက ဒီပဲယင်းမြို့ထဲကနေ ထွက်လာတယ်ဗျ။ အဲလိုထွက်လာပြီး မဲအိုရွာထဲကို မနက်ခင်း ၄ ခွဲ၊ ၅ နာရီလောက် အလစ်ဝင်လာပြီး ရွာသားတွေကို ဖမ်းဆီးတယ်။ ရွာသားဘယ်နှဦးလောက် ဖမ်းခံရတာလဲဆိုတော့ အတိအကျတော့ ၁၄ ဦးလောက်တော့ ရှိမယ်။ အဲလိုဖမ်းပြီး ကျနော်တို့ လက်ယက်ကုန်းရွာကို ဝင်ပြီးညအိပ်တယ်။ ဒီနေ့မနက်ကျတော့ စစ်ကြောင်းက ရေဦးနယ်ထဲ ပြန်ဝင်သွားလို့ ကျနော်တို့ ရွာထဲပြန်ဝင် တာ့ ဒီအလောင်းတွေ တွေ့ရတာပါပဲ။ သတ်ထားခဲ့တာလည်း ဦးခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ထားခဲ့တာဗျ။ ခန္ဓာကိုယ်ပေါ်မှာတော့ ထမိန်တွေ ခြုံထားခဲ့တယ်” လို့ လက်ယက်ကုန်း ရွာသားတဦးက ပြောပါတယ်။
အသတ်ခံရသူတွေကတော့ မဲအိုးရွာက ဦးဇော်ထွန်းဝင်း (ခ) ဦးမောင်ထွန်း (၅၁ နှစ်)၊ ဦးဇော်ဝင်း (၅၃ နှစ်)၊ ဦးအောင်မြင့်ကျော်(ခ)ဦးကုလား (၄၃ နှစ်) နဲ့ မခင်လင်းဌေး (၃၇) နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေဗျ။ အမျိုးသား ၃ ဦးက ဘယ် PDF မှ မဟုတ်ဘူးရယ်။ ဘာလို့ အသက်ခံရတာလဲဆိုတော့ ကျနော်တို့အမြင်ကတော့ စစ်ကောင်စီတပ်က ဘာအကြောင်းပြချက်ရှိရှိ၊ မရှိရှိ တွေ့တဲ့လူ အကုန်သတ်နေတာပဲဗျာ။ မခင်နှင်းဌေးကတော့ ဒီပဲယင်းမြို့နယ်က NUG ရဲ့ ဥပဒေတာဝန်ခံပါဗျ။ ကိုယ့်ဒေသက လူတွေကို အခုလို ဥပဒေမဲ့သတ် နေတာကတော့ ဘယ်ကျေနပ်လို့ ရမလဲဗျာ” လို့ လက်ယက်ကုန်းရွာသားက ဆက်ပြောပါတယ်။
လက်ယက်ကုန်းရွာအတွင်း ဒေသခံကူညီကယ်ဆယ်ရေးသမားတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေ ရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ ရေဦးမြို့ တိုင်ရင်းဆေးရုံဘက်ကနေ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကျေးရွာအတွင်းကနေ ပြန်ထွက်လာကြရတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။
“ရှင်းလင်းရေးကတော့ တရွာလုံးမပြီးသေးဘူး။ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုတဲ့သတင်းကြောင့် ရွာအပြင်ပြန် ထွက်လာခဲ့ရတယ်ဗျ။ တရွာလုံး ရှင်းလင်းရှာဖွေရေး မလုပ်ရသေးတော့ နောက်ထပ်များ အလောင်းတွေ ထပ်တွေ့လာနိုင်ခြေတော့ ရှိနိုင်သေးတယ်လို့ ကျနော်ကတော့ ထင်တယ်ဗျ။ သူတို့ မဲအိုးရွာကို ဝင်ပြီး ဖမ်းသွားတဲ့ အရပ်သားပြည်သူက အတော်လေးများတယ်။ ဒီကောင်တွေက လူစိတ်ရှိတာ မဟုတ်ဘူး” လို့ ပြောပါတယ်။
လက်ယက်ကုန်းကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီက လေယာဉ်နဲ့ စာသင်ကျောင်းကို ပစ်ခတ်လို့ စာသင်နေကြတဲ့ ကလေးငယ် ၁၁ ဦးအပါဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ရသလို ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။