Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
DVB
·
January 19, 2024
myin 1912024

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း အိမ်စီးကားနှစ်စီးနဲ့ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ပေပါမိုင်းနဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၀ ဦးသေဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီကျော်က ဖောင်ကြီးကျေးရွာအနီးကို စစ်ကူလာစဉ် ရေဂါလန် ၅၀ ဆန့် ပေပါမိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်နေတဲ့ အသံကြားတော့ စစ်ကူလာမှာပဲဆိုတာ သိထားလို့ စောင့်ပြီး မိုင်းဆွဲခဲ့တာ။ မိုင်းဆွဲလိုက်တော့ တစီးက မြောက်တက်သွားပြီး ချုံပေါ်ရောက်သွားတယ်။ အဲ့ဒီကားပေါ်က ပါလာတဲ့ကောင်တွေ အကုန်နီးပါး သေတာကို မြင်လိုက်ရတယ်။ သေတဲ့ကောင်တွေကို နောက်ကားတစီးပေါ် အမြန်တင်ပြီး မောင်းပြေးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ဟိုင်းလက်ကားနှစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို စစ်ကူလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းစထိမှန်ခဲ့တဲ့ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ပျူစောထီး ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို နောက်ထပ်ကားတစီးပေါ်တင်ပြီး မြင်းခြံမြို့နယ် ခမရ တပ်ရင်း ၁၅ ထဲကို ပြန်လည်‌မောင်းနှင်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်အပြီးမှာ ကားတစီး၊ ဒရုန်းတစင်း၊ သေနတ်ကျည် ၅ တောင့် သိမ်းဆည်းရရှိခဲ့ပြီး ကားကတော့ အသုံးပြုဖို့ အဆင်မပြေနိုင်တော့တဲ့အတွက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နဂါးနီပြောက်ကျားတပ်ဖွဲ့ဟာ မြင်းခြံ-မြို့သာ ခရိုင်ချင်းဆက်လမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024