Home
မြန်မာသတင်း
ဆယ်သန်းရွှေဆိုင် ရွှေ ၂ ပိဿာကျော် ဓားပြတိုက်ခံရ
DVB
·
January 19, 2024
rub 1912024

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ အနောက်ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ဆယ်သန်းရွှေဆိုင်ကို ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက ဓားပြဝင်တိုက်သွားတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

ဒီကနေ့မနက် ၈ နာရီလောက်မှာ အသက် ၃၀ ခန့်ရှိတဲ့ အမျိုးသား ၃ ဦး ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ၇ ရက်နေ့က ပြုလုပ်ထားတဲ့ လက်စွပ်ကို ပြင်ဆင်လိုကြောင်း လိမ်ညာပြောဆိုကာ ဆိုင်အတွင်းရှိ ဝန်ထမ်းတွေကို ပစ္စတိုသေနတ်တလက်နဲ့ချိန်ကာ ဓားပြတိုက်သွားတာလို့ စစ်အုပ်စုရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းဖော်ပြထားပါတယ်။

ဓားပြတိုက်ခံရတာကြောင့် ရွှေလက်ကောက်မျိုးစုံ ၅၀၂ ကွင်း၊ ရွှေဆွဲပြား ၃၆၅ ပြား၊ စုစုပေါင်းအလေးချိန် ရွှေ ၂ ပိဿာခန့် (ကာလတန်ဖိုး သိန်း ၆,၀၀၀ ကျပ်ခန့်) နဲ့ ငွေသား သိန်း ၂၀၀ ကျပ်ကိုပါ လုယက်ခံခဲ့ရတာလို့ သိရပါတယ်။

မန္တလေးမြို့ ဈေးချိုအနီးမှာ နေထိုင်သူတဦးက “ရွှေဆိုင်ကြီးတွေကတော့ ဆိုင်အပြင်မှာပါ သံဆူးကြိုးတွေနဲ့ အကာအရံတွေလုပ်၊ ဆိုင်ထဲမှာလည်း လုံခြုံရေးအထပ်ထပ်နဲ့ဆိုတော့ ရွှေဆိုင်ကြီးတွေကို ဓားပြတိုက်တာ မကြားဖူးဘူး။ အလယ်အလတ်လောက်ရှိတဲ့ ရွှေဆိုင်ငယ်တွေပဲ ဓားပြတိုက်ခံရတာများတယ်။ ဖြစ်ပြီးရင် ဖမ်းမိတာလည်းမရှိတော့ အကုန်လုံးကတော့ ကြောက်နေရတာပဲ” လို့ ပြောပါတယ်။

မန္တလေးမြို့က အဓိကလမ်းမကြီးတခုဖြစ်တဲ့ ၈၄ လမ်းပေါ်က မန်းမြို့ဈေးမှာ ရွှေထည်ပစ္စည်းတွေနဲ့ ရွှေနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကို အဓိကထားကာ ရောင်းဝယ်တဲ့ ရွှေလုပ်ငန်းတွေ အများအပြားရှိပါတယ်။

အဆိုပါနေရာမှာ လုံခြုံရေးအားနည်းတာကြောင့် ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း မန်းမြို့ဈေးက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရသလို နိုဝင်ဘာ ၁၇ ရက်မှာ လမ်း ၃၀ နဲ့ ၇၃ လမ်းအနီး ဆေးတက္ကသိုလ်အနီးက အောင်ရွှေဆိုင်လည်း ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းပြီးချိန်ကစကာ ဓားပြမှု၊ လုယက်မှု၊ ဖောက်ထွင်းခိုးယူမှု စတဲ့ ရာဇဝတ်မှုဖြစ်ပွားတာ အင်မတန်များပြားလာတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024