ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “တိုက်ပွဲဖြစ်တာက ညနေ ၄ နာရီလောက် စဖြစ်တာ။ စစ်တပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ညနေ ၅ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲ ပစ်ခတ်သွားတယ်။ လူနေအိမ် ငါးလုံးလောက်လည်း မီးလောင်ထားတာရှိတယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပေါ့။ နှစ်ဖက်ထိခိုက်မှုတော့ မသိရဘူး” လို့ ပြောပါတယ်။
ဝှေခါကျေးရွာကို မြို့မရပ်ကွက်နဲ့ မှော်ဝမ်းရပ်ကွက်အနီးမှာရှိတဲ့ စစ်ကောင်စီတပ် ဗျူဟာကုန်းမှ ည ၈ နာရီခန့်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ဝှေခါကျေးရွာ ရဲစခန်းနဲ့ စစ်ကောင်စီတပ် စခန်းကုန်းကို ကေအိုင်အေ နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါသေးတယ်။