ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့မှာ စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းထားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကေအန်ယူ တပ်မဟာ ၃ တပ်မဟာမှူးက ဒီဗွီဘီကို ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက နတ်သံကွင်းမြို့ ရဲစခန်းအတွင်းနဲ့ မြို့အနီးတဝိုက်ကို ပြန်လည်အင်အားဖြည့်တင်းခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တပ်မဟာ ၃ တပ်မဟာမှူးက “နတ်သံကွင်းမြို့မှာ စစ်ကောင်စီက စစ်ကူတွေက ထိုးဖောက်ပြီး အတွင်းမှာ ပြန်ဝင်လာတယ်။ သူတို့စခန်းထဲမှာ ပြန်နေတယ်။ အပြင်တော့ မထွက်ဘူး။ သူတို့လူတွေလည်း မြို့တွင်းပတ်ပတ်လည်မှာ ရှိနေတုန်းပဲ။ ဒီနေ့ အမှတ် ၄ ရပ်ကွက်မှာ တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ရွာသားတွေက မပြန်နိုင်သေးဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေက စစ်ကူလာရောက်တဲ့ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို တင့်ဖျက်မိုင်း ၃ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တင့်ကား ၂ စီးနဲ့ သံချပ်ကာကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ရေအိုးစင်ကျေးရွာအနီး ခံစစ်ပြင်ဆင်နေတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာမှူးက ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
နတ်သံကွင်းမြို့မှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
ဒေသခံပြည်သူတဦးက “နတ်သံကွင်းမြို့တွင်းမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ နှစ်ဖက် လှမ်းမြင်ပြီး လှမ်းပစ်ကြတဲ့ အခြေအနေတွေရှိတယ်။ နေအိမ်တွေ မီးလောင်တာတွေရှိတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကစတင်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ်ဆုံးရှုံးရတဲ့ အရေအတွက် အတိအကျ မသိရှိရသေးပါဘူး။
စစ်ရှောင်ပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကာ စစ်ရှောင်ကာလ ကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။