ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ပင်ဝါးရုံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူ အယောက် ၈၀ ကျော်ကို ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ ဒေသတွင်း လှည့်လည် ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသူတွေထံက သိရပါတယ်။
ပင်ဝါးရုံစစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၅၀ ကျော်မှာ ၈၀ ကျော်က ရာသီဥတု အကူးအပြောင်းကြောင့် ရာသီတုပ်ကွေးဖြစ်ပွားနေကြလို့ ဇန်နဝါရီ ၁၈ ရက်မှာ Loikaw Local PDF - Alpha 4 အဖွဲ့နဲ့ ကရင်နီဧည့်သည်ဆေးခန်းအဖွဲ့က ဆေးတာဝန်ခံတွေက သွားရောက် ကုသပေးခဲ့တယ်လို့ သိရပါတယ်။
Loikaw Local PDF Alpha 4 အဖွဲ့က ဆေးတာဝန်ခံ တဦးက "အခု တော်တော်များများ ကလေးတွေရော အကုန်ဖျားနေကြတာ။ ဖျားတာ ၄ ၊ ၅ ရက်ရှိတဲ့သူရော၊ နှစ်ပတ်သုံးပတ်ထိ ဖြစ်တာလည်းရှိတယ်။ အဓိကကတော့ အအေးမိတာ။ စောင်မလောက်တာတွေကြောင့် ဖျားတာ။ ပြီးတော့ သွေးတိုးနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်တာလည်းရှိတယ်"လို့ ပြောပါတယ်။
ပင်ဝါးရုံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်သူတွေဟာ စစ်ရှောင်ကာလ ၃ နှစ်နီးပါးထိရှိနေပြီး ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတဦးက "အခုစစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေးဖြစ်တဲ့သူတွေက များတယ်။ တချို့ဆို တမိသားစုလုံး ဖြစ်တာလည်းရှိတယ်။ ချောင်းဆိုးတာ တလလောက်ရှိတဲ့ သူလည်း ရှိတယ်။ ဆေးတွေကလည်းမလောက်ဘူး။ ဝယ်သောက်ဖို့လည်း မတတ်နိုင်ဘူး"လို့ ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆောင်းကာလအတွင်း ရာသီတုပ်ကွေးဖြစ်ပွားတဲ့ စစ်ဘေးရှောင် စခန်း ၄ ခုမက ရှိနေပြီး ဆေးဝါး မလုံလောက်တာ၊ ကိုယ်တိုင်ဝယ်ယူဖို့ ဆေးဝါးစရိတ် ကြီးတာ၊ အနွေးထည်နဲ့ စောင်တွေ မလုံလောက်တာတွေကြောင့် ရာသီတုပ်ကွေးဖြစ်ပွားသူတွေ များနေတယ် လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
photo-Loikaw Local PDF Alpha 4