Home
ဆောင်းပါး
အာဏာရှင်လက်ထက် ခွဲခြားဆက်ဆံခံနေရဆဲ LGBT များ
DVB
·
January 19, 2024
Article_MyoNaing_19012024

“အာဏာသိမ်းတာကို သပိတ်တွေထွက် ဆန္ဒပြ ဆန့်ကျင်တာက တနိုင်ငံလုံးရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ အားလုံးက စုပြီး တော်လှန်တာ။ ဒါပေမဲ့ LGBT အသိုက်အဝန်းကျတော့ မွေးကတည်းက ကိုယ့်ဆန္ဒအတိုင်းဖြစ်ဖို့ တော်လှန်ခဲ့ကြရတာ”

ဒါကတော့ ရန်ကုန်မြို့မှ LGBT သပိတ်အဖွဲ့တခုက လိင်ပြောင်းအမျိုးသမီး မမြင့်မြင့် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူတို့တွေဟာ မွေးဖွားလာကတည်းက လိင်စိတ်ခံယူမှုအပေါ်မှာ လွတ်လပ်စွာ ဖြစ်တည်နေထိုင်ဖို့ ကိုယ်တိုင်ရော၊ မိဘဆွေမျိုးနဲ့ ပတ်ဝန်းကျင်ရောမှာပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ပွဲဝင်နေကြသူတွေပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးက ပြည်သူတွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတဝန်းက လူမျိုးစုံ အလွှာပေါင်းစုံ ပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေနဲ့အတူ LGBTIQ သပိတ်စစ်ကြောင်းတွေဟာလည်း တတပ်တအား ပါဝင်ခဲ့ကြပါတယ်။

အဲဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ LGBTIQ သပိတ်တွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်နှိမ်နင်းခဲ့လို့ LGBTIQ ၁၇ ဦး သေဆုံး၊ ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး ၈၅ ဦးကျော် ဖမ်းဆီးခံခဲ့ရသလို LGBTIQ အယောက် ၅၀ ကျော် တိမ်းရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၂ မေလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လာရောက်ပညာသင်ကြားနေတဲ့ LGBT တဦးဖြစ်သူ တက္ကသိုလ်ကျောင်းသား ကိုထက်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ဇာတိမြေ ပြည်မြို့ကို ပြန်လည်ရောက်ရှိနေချိန် ၂၀၂၁ ဒီဇင်ဘာလမှာ စစ်ကောင်စီသတင်းပေး အမျိုးသမီးတဦးရဲ့ တိုင်ကြားမှုကြောင့် ရဲနဲ့ စစ်သားတွေက အိမ်အထိ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြည်မြို့က ရဲစခန်းတခုက အချုပ်ခန်းထဲမှာ ဖမ်းဆီးစစ်မေးခံရချိန်မှာ လေးဘက်ထောက် သွားလာရတာ၊ မှားယွင်းဖြေဆိုမိတာနဲ့ တင်ပါးနဲ့ ရင်သားကို ကိုင်တွယ်ခံရတာ၊ ယောကျ်ားလေးလို အသံထွက်အောင် အော်ခိုင်းတာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရတယ်လို့ သူကဆိုပါတယ်။

“အသက် ခပ်လတ်လတ်လောက်ရှိတဲ့ ဗိုလ်လို့ခေါ်တဲ့ တယောက်ကနေ သူ့ဆီကို လေးဘက်ကုန်းပြီး လာခိုင်းတာ။ ယောက်ျားလိုမျိုး အသံထွက်လာအောင် အော်ခိုင်းတယ်။ ကျနော်တို့အသံတွေက ပြင်လို့မရဘူးလေ။ ပြောလိုက်လို့ မှားတာနဲ့ တင်ပါးကို လာကိုင်တာမျိုးတို့ ရိုက်လိုက်တာမျိုးတို့ လာလုပ်တယ်။ သူတို့မေးတာ မဖြေမိရင် နင့်ပါးစပ် ဘာလုပ်လို့ ပိတ်နေတာလဲ၊ ငါတို့ဖွင့်ပေးရမလား၊ အဲ့လိုမျိုးတွေပါ” လို့ ကိုထက်က ဆက်ပြောပါတယ်။

ကိုထက်လိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ နောက်တဦးကတော့ လိင်စိတ်ခံယူမှု ကွဲပြားသူများသမဂ္ဂ LGBT Union – Mandalay ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျက်စတင်မင်းဟိန်းပါ။

လိင်ပြောင်းအမျိုးသမီးတဦးဖြစ်တဲ့ သူဟာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်းနဲ့ ၂၀၂၂ စက်တင်ဘာမှာ ဖမ်းဆီးခံခဲ့ရပြီး မုံရွာအကျဉ်းထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒီအတောအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ကြုံခဲ့တာကြောင့် တရားမျှတမှုရရှိဖို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ သူ့ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။

အခုလိုအဖြစ်မျိုးကို ကိုထက်တို့ ဂျက်စတင်မင်းဟိန်းတို့သာမက တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ တခြားသော LGBT တချို့ဟာလည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ခါးစည်းခံခဲ့ကြရတာပါ။

မန္တလေးမြို့က လူထုဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လိင်အင်္ဂါပြောင်းအမျိုးသမီး အသက် ၃၂ နှစ်အရွယ် စူးရှရှင်းသန့်ကို စစ်တပ်က သူစီးလာတဲ့ ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာမှာတော့ သူ့ကို ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀၅-ခ အပါအဝင် အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ အားပေးကူညီမှု စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။

စူးရှရှင်းသန့်ဟာ အာဏာမသိမ်းခင်က မန္တလေးတိုင်း လူငယ်ရေးရာကော်မတီမှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တဦးအဖြစ် တာဝန်ယူခဲ့သူပါ။ ဒါ့ပြင် သူဟာ LGBTIQ အရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းနေကြတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူလည်း ဖြစ်တယ်လို့ မန္တလေး LGBT သမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ စူးရှရှင်းသန့်ရဲ့ မိတ်ဆွေတဦးဖြစ်ပြီး လိင်‌အင်္ဂါပြောင်း LGBT အမျိုးသမီးတဦးလည်း ဖြစ်တဲ့ မစောဟန်နွေဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလထဲမှာ စစ်တပ်က အင်အားသုံး ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

“ညီမကို စဖမ်းခေါ်သွားတော့ နန်းတွင်းစစ်ကြောရေးကို ခေါ်သွားတယ်။ မျက်နှာကို အဝတ်စနဲ့ ပိတ်တယ်၊ အဝတ်စပေါ်မှာ တိပ်နဲ့ပိတ်တယ်။ ဝါယာကြိုးတွေနဲ့ ရိုက်တယ်။ လက်သည်းအရှည်တွေကို ပလာယာနဲ့ ဆွဲလိမ်တယ်။ ရေဆာလို့ ရေတောင်းသောက်တော့ ရေနွေးပူနဲ့ လောင်းချတယ်။ အနာတွေ ပိုးသတ်မယ်ဆိုပြီး အရက်ပျံတွေနဲ့ ခဏခဏ လာဖျန်းတယ်” လို့ သူက ဘီဘီစီ မြန်မာပိုင်းမှာ ပြောဆိုထားပါတယ်။

အသက် ၂၀ ဝန်းကျင် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ စောဟန်နွေဦးဟာ စာရေးဆရာမတဦး ဖြစ်သလို အလွတ်တန်း အစီအစဉ်တင်ဆက်သူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်ဒေသမှာ စစ်ပညာသွားသင်ခဲ့တဲ့ လူငယ်မျိုးဆက်တွေထဲမှာ စောဟန်နွေဦးလည်း ပါဝင်ခဲ့ပါတယ်။

“ညီမ ထိုင်းမှာ လိင်သွားပြောင်းဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးထားတဲ့ ဖုန်းထဲက စာတွေ့တော့ ပြောင်းထားပြီလားဆိုပြီး ညီမရဲ့ မမြင်အပ်တဲ့နေရာတွေကို အတင်းလှန်ကြည့်တယ်။ မိန်းမလျာက မိန်းမလျာလိုနေ၊ အခြောက်မက အခြောက်မလိုနေဆိုပြီး မင်းက အခြောက်ဆိုတော့ ဒါကြိုက်လားဆိုပြီး သူတို့ပစ္စည်းတွေ လှန်ပြတယ်။ ပြောလိုက်၊ လှောင်လိုက်ပေါ့” လို့ သူ့ရဲ့ စစ်ကြောရေးအတွေ့အကြုံကို ဘီဘီစီ မြန်မာပိုင်းမှာ ဆက်ပြောထားပါတယ်။

စောဟန်နွေဦးဟာ ပုဒ်မ ၅၀၅-က နဲ့ တရားရင်ဆိုင်ခဲ့ရပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၂၁ အောက်တိုဘာလထဲမှာ ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ သွေးပျက်စရာကောင်းတဲ့ စစ်ကြောရေးအတွေ့အကြုံတွေက စောဟန်နွေဦး အပါအဝင် ဖမ်းဆီးခံခဲ့ရတဲ့ LGBT တွေအတွက်တော့ မမေ့နိုင်စရာ ခါးသီးလှတဲ့ ဒဏ်ရာဒဏ်ချက်တွေ အဖြစ် ရှိနေတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ LGBTIQ အသိုက်အဝန်းဟာ အရပ်သားအစိုးရ အုပ်ချုပ်မှုနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း CSO, NGO အားကောင်းတဲ့ အချိန်ကတည်းက ခွဲခြားဆက်ဆံမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး အာဏာသိမ်းပြီး နောက်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့အတူ LGBT အခွင့်အရေးတွေ မရှိသလောက် နည်းပါးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက် လျော့ရဲလာတဲ့ တရားဥပဒေစိုးမိုးမှုနဲ့အတူ တချို့သော ဥပဒေပုဒ်မတွေကြောင့် မတရားကျူးလွန်ခံခဲ့ရတဲ့ နစ်နာသူ LGBT တွေဟာ အသံတိတ်နေခဲ့ရတာတွေလည်း ရှိပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT တွေကို ဖမ်းဆီးစစ်ဆေးချိန်မှာ ပြစ်မှုနဲ့မသက်ဆိုင်တဲ့ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်တူဆက်ဆံခဲ့တယ်ဆိုကာ ရာဇသတ်ကြီးပုဒ်မ - ၃၇၇ နဲ့ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ စစ်‌ကြောရေးမှာသာမက ပြင်ပမှာပါ LGBT အသိုက်အဝိုင်းပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေပြီး ဥပဒေအရ အကာအကွယ်မဖြစ်နိုင်တဲ့ အခြေအ‌နေမှာ ထုတ်ဖော်ပြောဆိုသူရှိသလို လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးတဲ့ သူတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက် အသုံးပြုသူများလာတဲ့ တယ်လီဂရမ် အပလီကေးရှင်းမှာ လိင်မှုဆိုင်ရာ ခွင့်ပြုထားတဲ့ ချန်နယ်တွေရှိနေပြီး အဲ့ဒီချန်နယ်တွေမှာ ‌ဂေးအသိုင်းအတိုင်း (Gay Community) နဲ့ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေကို အခကြေးငွေနဲ့ ရောင်းချလေ့ ရှိကြပါတယ်။

ရန်ကုန်မြို့မှာ ဘာသာစကားသင်တန်း လာတက်ရောက်နေတဲ့ အမည်လွှဲ (ကောင်းကောင်း) ဟာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ BLUED လို့ခေါ်တဲ့ Gay dating အပလီကေးရှင်းကနေ စကားပြောဖော်ရခဲ့ပြီး ပြင်ပမှာ ချိန်းတွေ့ခဲ့ပါတယ်။ အဲဒီ စကားပြောဖော်နဲ့ ချစ်သူအဆင့်ကို တက်လှမ်းခဲ့ကြပြီး လိင်ဆက်ဆံခဲ့ကြရာမှာ ချစ်သူဖြစ်သူက ကောင်းကောင်းရဲ့ သဘောတူညီချက်မယူဘဲ ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

နောက်ပိုင်းမှာ ခိုးယူရိုက်ကူးခဲ့တဲ့ အဲဒီဗီဒီယိုကို တယ်လီဂရမ်ချန်နယ်တခုမှာ တင်ထားတာ တွေ့ရှိခဲ့တာကြောင့် ပြန်ဖြုတ်ချပေးဖို့ ချန်နယ်ကိုင်ထားသူကို ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ချန်နယ်ကိုင်သူက ကျပ်ငွေ သိန်း ၂၀ အထိ အကျပ်ကိုင် တောင်းဆိုခဲ့ပြီး ငွေမပေးနိုင်သေးခင် အချိန်မှာလည်း ဗီဒီယိုကို ဖြုတ်ချပေးခြင်း မရှိသလို ချစ်သူဖြစ်သူ လိင်ဆက်ဆံချင်တဲ့ အချိန်တိုင်းမှာ သွားရောက်ဖြည့်ဆည်းပေးခဲ့ရပါတယ်။

သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားဖို့ လုပ်ဆောင်ခဲ့ပေမဲ့ အီလက်ထရောနစ်ပစ္စည်းဖြစ်တဲ့ ဖုန်းကို ပေးထားရမှာဖြစ်တဲ့အပြင် မပြုပြင်ရသေးတဲ့ မြန်မာရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ အရ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုကြောင့် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ပါ ချမှတ်အရေးယူခံရနိုင်တာကြောင့် လက်လျော့ခဲ့ရပါတယ်။

ရန်ကုန်မြို့ တရားလွှတ်ဝောာ်ရှေ့နေတဦးကတော့ “ဒီဖြစ်ရပ်မှာဆို စီးပွားရေးအရ ခြိမ်းခြောက်အကြမ်းဖက်တာရော၊ လိင်ပိုင်းဆိုင်ရာရော ပါတယ်။ ဒီလိုတွေမဖြစ်ဖို့ဆို တချို့ပုဒ်မတွေကို ပြင်မှရမယ်။ ရာဇသတ်ကြီးပုဒ်မ ၃၇၇ မှာဆို လိင်တူဆက်ဆံခြင်းဟာ ပြစ်မှုမြောက်သလို ဖြစ်နေတယ်။ ပုဒ်မ ၃၇၅ မှာဆို LGBT တွေကို မုဒိမ်းမှု ကျူးလွန်ခံရခြင်းအတွက် ပြင်ဆင်ထည့်သွင်းရပါမယ်။ ဒါကလည်း လက်ရှိ စစ်ကောင်စီလက်ထက်တော့ မဖြစ်နိုင်သေးပါဘူး” လို့ ဆိုပါတယ်။

အထက်ကဖြစ်စဥ်လို အကြောင်းကြောင်းကြောင့် ဥပဒေရှေ့မှောက် မရောက်လာနိုင်တဲ့ အမှုတွေဟာ အတိုင်းအတာတခု ရှိနေတဲ့အကြောင်းကို သုတေသန အစီရင်ခံစာတခုက သက်သေပြုထားပါတယ်။

LGBTIQ အသိုက်အဝန်းထဲက ကျူးလွန်ခံရမှုတွေကို မတိုင်ကြားရတဲ့ အကြောင်းရင်းတွေထဲမှာ ကျူးလွန်သူရဲ့ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်ခြင်းက ၆၄ ဒသမ ၆ ရာခိုင်နှုန်း၊ တရားရေးစနစ်ကို အယုံအကြည်မရှိခြင်းက ၅၀ ရာခိုင်နှုန်း၊ ကူညီမယ့်သူ မရှိခြင်းက ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊ အမှုအခင်း ရင်မဆိုင်လိုခြင်းက ၂၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အခြားအကြောင်းပြချက်က ၁၉ ဒသမ ၁ ရာခိုင်နှုန်း၊ အထောက်အထား မခိုင်လုံခြင်းက ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ Myanmar LGBTIQ Human Right Watch ရဲ့ Rainbow Amid the Storm ဆိုတဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှရပိုင်ခွင့်၊ ခွဲခြားဆက်ဆံမှု ကင်းကင်းနဲ့ ဥပဒေအရ အကာအကွယ်ပေးမှုကို တန်းတူညီမျှရပိုင်ခွင့်၊ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်ပိုင်ခွင့်၊ လုံခြုံခွင့်နဲ့ အသက်ရှင်သန်ပိုင်ခွင့် စတဲ့ အခြေခံအချက်တွေကို မြန်မာနိုင်ငံသားတွေနဲ့အတူ LGBTIQ အသိုက်အဝန်းလည်း မရကြတော့ပါဘူး။

ခွဲခြားဆက်ဆံခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ ကြုံတွေ့ခဲ့တဲ့ LGBTIQ တွေကို မြန်မာရှေးရိုးစွဲဝါဒ ရှိသူတွေနဲ့ ဖိုဝါဒီတွေက ဗုဒ္ဓဘာသာကျမ်းဂန်တွေကို ထောက်ပြပြီး အရင်အတိတ်ဘဝက သူများသားမယားကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ဖူးလို့ အခုဘဝမှာ “အခြောက်” ဖြစ်ရတာ၊ ဝဋ်ခံနေရတာ စတဲ့စကားလုံးတွေကို သုံးနှုန်း‌နေကာ LGBT ဖြစ်လာသူဟာ အမှားကြီးလုပ်နေမိသူတွေဆိုတဲ့ ဖိနှိပ်မှုတွေလည်း ရှိနေတယ်လို့ LGBTIQ တွေက ထောက်ပြကြပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား ကိုလူဝီက “မြန်မာမှာ ဖိုဝါဒကြီးစိုးတယ်ဆိုတာ နဂိုကတည်းက သိပြီးသားတွေပါ။ LGBT အပေါ်မှာ ဘယ်တော့မှ အမြင်ကြည်လင်မှာတော့ မဟုတ်ပါဘူး။ ဘာသာရေးအင်စတီကျူးရှင်းတွေ ကျောင်းအင်စတီကျူးရှင်းတွေမှာ ငယ်ငယ်လေးကတည်းက ဘယ်လိုသင်ခဲ့ရသလဲဆိုရင် ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေး မဟုတ်ဘူးဆိုရင် ဒါကြီးက အမှားကြီးလို့ကို သင်ခဲ့ရတာ။ ရာဇဝတ်မှုတခုလို့ကို မြင်နေကြတာ” လို့ ဆိုပါတယ်။

ဘာသာရေးပေတံနဲ့ တိုင်းတာတဲ့ အတွေးအခေါ်တွေဟာ အခြေခံစာသင်ကျောင်းတွေ၊ အဆင့်မြင့်ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ မိသားစုတွေထဲမှာ ဖြစ်ပေါ်နေတတ်ပြီး ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ Sexual Identity ကို ဖုံးကွယ်မိထားပါက အချိန်ကြာလာတဲ့အခါ LGBT အသိုင်းအဝိုင်းကလူတွေ အချင်းချင်းပေါ်မှာတောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

“ပညာရေးတက္ကသိုလ်၊ ဒုတိယနှစ်မှာ စာသင်ခန်းထဲမှာရှိတဲ့ ကလေးတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှုအကြောင်း သင်ရတယ်။ Gender (လိင်) နှစ်ခုတည်းအကြောင်း မဟုတ်ဘဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ နေနိုင်တယ်။ ဒီလိုကလေးတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ရဘူး။ သူတို့ကိုပဲ အ‌သားပေးပြီး ဆက်ဆံတာလည်း မလုပ်ရဘူး။ Inclusive Society (အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်း) ဖြစ်ဖို့ သူတို့ကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ရဘူးလို့ သင်ကြားရပါတယ်။ ဒါပေမဲ့ အဲ့ဒီသီအိုရီကို သင်ပေးတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် ခွဲခြားဆက်ဆံတာမျိုးတွေ လုပ်တယ်။ အတန်းကိုဝင်လာပြီဆို ဒီအတန်းထဲမှာ အခြောက်တွေ ရှိလား။ အဲ့လို့ကို စမေးတာ” လို့ ကိုလူဝီက ဆိုပါတယ်။

‌‌တရားဥပ‌ဒေအရ တရားဝင် အကာအကွယ်မရနိုင်တဲ့ အာဏာသိမ်းစစ်အုပ်စု လက်ထက်မှာတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေဟာ LGBT အသိုင်းအဝိုင်းထဲမှာ ရှိလာနေပါတယ်။

ရန်ကုန်မြို့က LGBT အရေး ကူညီ‌ပေးနေသူတဦးကလည်း “LGBT အချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်တာကတော့ ဂေးအသိုက်အဝန်းထဲမှာတောင် ရှိနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ အနေအထားအရဆိုရင် အောက်မှာနေတဲ့သူ (Bottom) နဲ့ ပြီးရင် သူ့ကို ဦးဆောင်မယ့်သူ (Top) ပေါ့။ သူက လိင်ကိစ္စအရ ခေါ်ရင်းနဲ့ ‌ခေါ်တဲ့အခါ မလာဘူးဆိုရင် တယ်လီဂရမ်လို ဂရုထဲမှာ လိုက်ဖြန့်တာရှိတယ်။ ဒီအသိုက်အဝန်းထဲမှာကိုမှ တမင် လိင်အမြတ်ထုတ်တဲ့ ပုံစံမျိုးပါ။ တယ်လီဂရမ်ထက် ပိုဆိုးတာက တွစ်တာ(X)၊ တွစ်တာမှာက လိင်ကိစ္စအ‌ကြောင်းအရာတွေကို ခွင့်ပြုပေးနေတာ။ ဂေးပွန်း (Gay Porn) တင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်ကြည့်ချင်ရင် သူ့မှာပါတဲ့ တယ်လီဂရမ်လင့်ကို ဝင်လိုက်ပါလို့ ပါတယ်။ ဒါက လူငယ်တွေကြားမှာ ပေါ့ပ်ယဉ်ကျေးမှု (Pop Culture) လိုမျိုးကို ဖြစ်လာတာ” လို့ ပြောပါတယ်။

LGBTIQ လိင်စိတ်ကွဲပြားသူတွေကို ခွဲခြားဆက်ဆံမှု အကြမ်းဖက်မှုတွေထဲမှာ နှုတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတို့ပါ ပါဝင်နေကြပါတယ်။

မြန်မာနိုင်ငံ လိင်စိတ်ကွဲပြားသူများ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးဖိုရမ်က ပြုလုပ်တဲ့ “မုန်တိုင်းကြားက သက်တံများ” သုတေသန အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေတွေဟာ မိသားစုကဏ္ဍမှာ ၅၃ ရာခိုင်နှုန်း၊ စီးပွားရေးကဏ္ဍမှာ ၃၇ ရာခိုင်နှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ၃၆ ရာခိုင်နှုန်း၊ နိုင်ငံရေးကဏ္ဍမှာ ၃၅ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေးကဏ္ဍမှာ ၃၃ ဒသမ ၇ ရာခိုင်နှုန်း၊ လူမှုရေးကဏ္ဍမှာ ၃၃ ရာခိုင်နှုန်း၊ အများပြည်သူ/အစိုးရဝန်ဆောင်မှုကဏ္ဍမှာ ၃၁ ရာခိုင်နှုန်းနဲ့ ပညာရေးကဏ္ဍမှာ ၁၄ ရာခိုင်နှုန်း အသီးသီး ရှိနေတယ်လို့ သိရပါတယ်။

စစ်တမ်းမှာ ဖော်ပြချက်အရ လိင်စိတ်ကွဲပြားသူ LGBTIQ တွေကို ကျူးလွန်ခဲ့သူတွေဟာ မိသားစု‌ဝင်တွေပါ ပါဝင်နေတာကို တွေ့ရသလို စစ်ကောင်စီဘက်က စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေလည်း အများဆုံးပါဝင်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး LGBT သပိတ်အဖွဲ့တခုက လိင်ပြောင်းအမျိုးသမီး မမြင့်မြင့်ကတော့ အခုလို မှတ်ချက်ပြုပါတယ်။

“သူတို့အမြင်မှာက LGBT ဆိုရင် လိင်ကိစ္စကို တချိန်လုံး လုပ်ချင်နေတဲ့သူလို့ပဲ မြင်တာ။ အခုကာလမှာဆို တန်းတူညီမျှတာတွေ Gender (လိင်) အရ အကုန်တူတူပဲဆိုတာတွေ ပြောပြလည်း ဟာသလိုပါပဲ။ ရုပ်ပိုင်းဆိုင်ရာအရ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ လိင်အပေါ် ခံယူတိမ်းညွှတ်မှု ကွာသွားတဲ့အခါမှာတော့ ခွဲခြားဆက်ဆံခံရတာတွေ၊ စနောက်ခံရတာတွေ အပြင် အကြမ်းဖက်ခံရတာတွေ ရှိတယ်။ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အမျိုးသား လိင်တူချစ်သူ ၂ ဦး လက်ထပ်မင်္ဂလာ လုပ်ဆောင်ချိန်မှာ ကန့်ကွက်မှုတွေ လုပ်ခဲ့ကြတယ်။ တန်းတူအခွင့်အရေးရဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းနေချိန်မှာ LGBT တွေအတွက် ကာကွယ်ပေးနိုင်ဖို့ ဥပဒေပြင်ဆင်ရေးတွေ အခုအချိန်ကတည်းက လုပ်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်။”

မျိုးနိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024