ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဇန်နဝါရီ ၁၇ ရက်က ယာဉ် ၃ စီးဆင့်တိုက်ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဘုရားကြီး အရန်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ပဒေသာရပ်ကွက်မှာ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီလောက်က ဘုရားကြီးမြို့မှ ဒိုက်ဦးဘက်ကို မောင်းနှင်လာတဲ့ ဆီဘောက်ဆာယာဉ်ဟာ အနောက်ကိုမကြည့်ဘဲ ကွေ့လိုက်တာကြောင့် အနောက်မှာလိုက်ပါလာတဲ့ လိုက်ထရပ်က ဝင်တိုက်ပြီး ထမင်းဆိုင်ရှေ့မှာရပ်ထားတဲ့ ဖောကားကို ထပ်မံဝင်တိုက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ပေါ်ပါလာတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးက လက်မောင်းနဲ့ ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတဦးက မျက်နှာကြေမွပျက်စီးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဘုရားကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “အရှေ့က ဆီဘောက်ဆာကားက နောက်မကြည့်ဘဲ ကွေ့လိုက်လို့ လိုက်ထရပ်က ဝင်တိုက်တာ။ ပြီးတော့ အရှိန်ဆက်မထိန်းနိုင်ဘဲ ထမင်းဆိုင်ရှေ့က ဖောကားကို ထပ်တိုက်တာ။ ကျနော်တို့ကို အကြောင်းကြားတုန်းက မသေသေးဘူး။ ဆေးရုံပို့နေရင်း အမျိုးသမီးက သေသွားတယ်။ အမျိုးသားကတော့ ဆေးရုံရောက်ပြီး ညနေလောက်ရောက်မှ သေသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို ဘုရားကြီး အရန်မီးသတ်တပ်ဖွဲ့နဲ့ ဘုရားကြီးလူငယ်(ဂတုံးအဖွဲ့) တို့က ကူညီပေးခဲ့ပြီး လိုက်ထရပ်ပေါ်ပါတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတို့ကို ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနဲ့ ၁၀၆ မှတ်တိုင်ကြားမှာလည်း ဇန်နဝါရီ ၁၇ ရက်က ကားနှစ်စီးတိုက်မိပြီး လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။