Home
မြန်မာသတင်း
မန္တလေးတွင် အိမ်ခြံမြေ ရောင်းချသူ များနေပြီး ဝယ်သူ ရှားပါး
DVB
·
January 18, 2024
MDY EState_18012024

မန္တလေးမြို့ရှိ မြို့နယ်တွေမှာ အိမ်ခြံမြေရောင်းချသူ အများအပြားရှိပြီး ဝယ်ယူသူ ရှားပါးနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ ပွဲစားတွေထံက သိရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလကစလို့ အိမ်ခြံမြေဝယ်ယူသူ မရှိသလောက် ရှားပါးနေပြီး သိန်း ၁,၀၀၀ အောက် မြေကွက်တွေသာ ဝယ်ယူသူ အနည်းအကျဉ်းရှိတယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူ ခြံပွဲစား ကိုမောင်အေးက “ရောင်းချင်လို့ အိမ်လာအပ်တဲ့သူတွေက များတယ်၊ ဝယ်ချင်လို့ လာစုံစမ်းတဲ့သူက မရှိဘူး။ တလ အိမ်တလုံး အရောင်းအဝယ်ဖြစ်ဖို့တောင် မလွယ်ဘူး။ မြို့အစွန်ဘက်က ခြံတွေကျတော့လည်း ဝယ်ချင်ကျတဲ့သူ မရှိ ဖြစ်နေတာ၊ အသိမ်းခံရမယ်ဆိုရင် နစ်နာကြမှာစိုးတော့လေ” လို့ ပြောပါတယ်။

ကိုမောင်အေးက အိမ်ခြံမြေပွဲစား လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ခန့်ရှိပြီဖြစ်လို့ တလကို အိမ်ခြံမြေ သုံး လေးကြိမ်လောက် အကျိုးဆောင်ပေးနိုင်ခဲ့ပေမဲ့ အခုလပိုင်းတွေမှာ အရောင်းအဝယ်မဖြစ်တာ ကြာပြီလို့ ဆိုပါတယ်။

အောင်မြေသာစံမြို့နယ်အတွင်း ခြံရောင်းချချင်သူ မမျိုးမျိုးဆွေက “အရင်က ခြံရောင်းချင်ရင် ဈေးလျှော့ရောင်းလိုက်တာနဲ့ တလအတွင်း ထွက်တယ်။ ကျမ အခုဝယ်ထားတဲ့ခြံကလည်း အရင်နှစ်ကမှ ဝယ်ထားတာ၊ သိန်း ၇၀၀ ကျော်နဲ့ အခု ၆၀၀ အောက်နဲ့ ပြန်ရောင်းချင်တာတောင် မထွက်ဘူး” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ နေရာအကွက်အကွင်းကောင်းတဲ့ သိန်းသောင်းကျော်တန် အိမ်ခြံမြေများ အရောင်းအဝယ် လုံးဝမဖြစ်ဘဲ သိန်း ၁,၀၀၀ အောက်ခြံတွေသာ လက်ထဲ ငွေသားမထားချင်ကြသူ တချို့က ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးမြို့နယ်အတွင်း မြို့သစ်ရပ်ကွက် လမ်းမတန်း မြေကွက်တွေမှာ သိန်း ၂,၀၀၀ အထက် ပေါက်‌ဈေးရှိပြီး ကြားလမ်းတွေကတော့ သိန်း ၁,၀၀၀ အောက်သာရှိတယ်လို့ အိမ်ခြံမြေပွဲစားတွေထံက သိရပါတယ်။

မြို့ခံ ငွေကြေးတတ်နိုင်သူတွေက အိမ်ခြံမြေများဝယ်ယူကာ ဘော်ဒါဆောင်နဲ့ လိုင်းခန်းတွေဆောက်ပြီး လစာနဲ့ ငှားရမ်းလုပ်ကိုင်တဲ့သူတွေလည်း နယ်ခံမဟုတ်သူတွေနဲ့ ပြောင်းရွှေ့နေထိုင်ကြသူတွေကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လစဉ် ဧည့်စာရင်းစစ်ကာ ဖမ်းဆီးမှုတွေရှိတဲ့အတွက် အဲဒီလုပ်ငန်းကို ရပ်နားထားပြီး နေရာရောင်းချကာ ငွေဖော်ချင်သူတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း အိမ်ခြံမြေအများအပြားကို အစိုးရပိုင်မြေဆိုကာ ၁၁ ကြိမ်ထက်မနည်း သိမ်းဆည်းဖျက်ဆီးခဲ့လို့ ပြည်သူအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024