ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက်က ပြည်သူ့စစ်သင်တန်းအတွက် လိုက်လံစည်းရုံးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခံရပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီက ဖအောင်ဝဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းမှာ ရာအိမ်မှူးတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရာအိမ်မှူး သေတယ်၊ အုပ်ချုပ်ရေးမှူးက နောက်စေ့ကိုထိတာ၊ သေတော့မသေသေးဘူး စိုးရိမ်ရတယ်၊ ဆေးရုံကို သယ်သွားကြတယ်။”
အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းနဲ့ ရာအိမ်မှူး ဦးခင်မောင်ဝင်းပါ အဖွဲ့ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့ဖို့ ဆွေးနွေးနေစဥ် ပစ်ခတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒိုက်ဦးမှာ ပြည်သူ့စစ်သင်တန်းကိစ္စတွေကြောင့် ဒေသခံတွေ ကြောက်လန့်နေတာရှိတယ်။ စစ်တပ်နဲ့ပေါင်းပြီး အုပ်ချုပ်ရေးက လူငယ်တွေကို ပြည်သူ့စစ်ထဲထည့်တာရှိတယ်။ လိုက်ပြီးစည်းရုံးတဲ့သူတွေလည်း အုပ်ချုပ်ရေးက အများဆုံးပဲ။ ဒါကြောင့် အပစ်ခံရတာဖြစ်မယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက သေဆုံးနဲ့ ဒဏ်ရာရသူ အုပ်ချုပ်ရေးမှူးကို ဒိုက်ဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ပြီး အခင်းဖြစ်ရာ ဟိန်းကျော် လက်ဖက်ရည်ဆိုင်အနီးမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒိုက်ဦးမြို့နယ်ဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှာ တည်ရှိပြီး မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၂၀၀ နီးပါးရှိကာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ကျေးရွာတချို့မှာ ပြည်သူ့စစ်အတွက် စည်းရုံး ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။