YBS ဘတ်စ်ကားစနစ် စတင်ခဲ့တာ ၇ နှစ်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကန့်သတ်မှုတွေကြောင့် ပြောင်းလဲတိုးတက်မှုတွေ ရပ်တန့်သွားခဲ့တယ်လို့ ခရီးသွားတွေ နဲ့ ယာဥ်လိုင်းရှယ်ယာရှင် တချို့က ပြောပါတယ်။
ရန်ကုန်မြို့မှာ အရင် မထသ ဘတ်စ်ကားပြေးဆွဲမှုစနစ်ကနေ YBS စနစ်ကို ၂၀၁၇ ဇန်နဝါရီ ၁၇ ရက်ကစပြီး ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပြီး အစောပိုင်းနှစ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်နိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် တိုးတက်မှု ရပ်သွားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
ရန်ကုန်မြို့မှ ခရီးသွားတဦးက “အာဏာသိမ်းပြီးတဲ့နောက်မှာ YBS က ပြောင်းလဲတာဆိုလို့ ယာဥ်စီးခတွေ တက်သွားတာပဲရှိတယ်။ တချို့ကားတွေဆို စပယ်ရာတွေ ပြန်ပါလာတယ်။ အပြိုင်မောင်းတာတွေ ပြန်ဖြစ်လာတယ်” လို့ ပြောပါတယ်။
YBS ဘတ်စ်ကားစနစ်ရဲ့ မူလရည်မှန်းချက်အနေနဲ့ ယာဥ်အို၊ ယာဥ်ဟောင်းတွေ နေရာမှာ ယာဥ်အသစ်တွေ အစားထိုးဖို့ဆိုတာ ပါဝင်နေပေမဲ့ နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် အဲဒီ အစီစဥ်တွေပါ ရပ်တန့်သွားခဲ့တယ်လို့ ယာဥ်လိုင်းရှယ်ယာရှင်တဦးက ပြောပါတယ်။
“မူလကားအသစ်တွေတောင် ကြံ့ခိုင်မှုက ကျလာပြီ။ နောက်ထပ် အစားထိုးဖို့က မလုပ်နိုင် သေးဘူး။ ငွေလဲစျေးက ပြောင်းလဲသွားတော့ ကားအသစ်သွင်းဖို့လည်း မတတ်နိုင်ကြတော့တဲ့ အခြေအနေ ဖြစ်သွားတယ်။”
ဒါ့အပြင် အရင်က YBS ဘတ်စ်စနစ် ပြောင်းလဲတဲ့ နှစ်ပတ်လည်မှာ ငွေစာရင်းရှင်းလင်းမှုတွေ၊ စွမ်းဆောင်ရည်ကောင်းတဲ့ ယာဥ်လိုင်းကုမ္ပဏီတွေကို ရွေးချယ်ဆုပေးတာတွေ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ ရပ်သွားခဲ့တယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် YBS စနစ်ကို ကြီးကြပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) လို့ အမည်ပြောင်းလိုက်သလို YRTC မှာ စစ်ကောင်စီခန့်တွေနဲ့ အစားထိုးလိုက်ပါတယ်။
အဲဒီနောက် YRTC က YBS ယာဥ်လိုင်းစနစ်ကို ဆက်လက်ကြီးကြပ်လာခဲ့ပေမဲ့ မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ယာဥ်လိုင်းတာဝန်ခံတချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ယာဥ်ပိုင် တဦးချင်း စုစည်းပြေးဆွဲတဲ့ မထသစနစ်ကို ဖျက်သိမ်းပြီး ကုမ္ပဏီပိုင်ယာဥ်လိုင်းစနစ်အနေနဲ့ YBS ကို အကောင်အထည် ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။