ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ပန်းကျေးရွာအုပ်စု၊ နမ့်ခုမ်ရွာက စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူနေကြတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
အိမ်ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ အမျိုးသမီးတဦးက “မူဆယ် နမ့်ခုမ်ရွာမှာ တရွာလုံးက အိမ်တွေမှာ စစ်တပ်က ဝင်နေထိုင်ကြတာ။ အိမ်တွင်း ပစ္စည်းတွေကိုလည်း ကားနဲ့တိုက်ပြီး သယ်နေကြတာ။ ကိုယ့်အိမ်ထဲလည်း ကိုယ်မဝင်ရတော့ပါဘူး။ အိမ်တံခါးတွေလည်းဖျက်ပြီး အကုန်ခိုးထားကြပါတယ်။ လက်ရှိပါ။ ကိုယ့်ရွာထဲ ကိုယ်ပြန်ချင်လို့ သွားပြောလည်း လုံးဝပေးမဝင်ပါဘူး” လို့ ပြောပါတယ်။
အရင်ကတော့ အရေးကြီးတာလေးတွေ ယူချင်တယ်လို့ပြောပြီး သွားရင် ဝင်ယူလို့ရသေးပေမဲ့ အခုက သွားရင် သေနတ်နဲ့ ပစ်ဖောက် ခြိမ်းခြောက်ကာ ဘယ်သူမှ ဝင်လို့မရတော့ဘူးလို့ သူကပြောပါတယ်။
“အခုဆို ကားနဲ့ ဆွီတီခုံတွေ သယ်သွားတာ မျက်မြင်ပါ။ မူဆယ် စက်မှုဘက်တွေ ပြန်ရောင်းကြတယ် ပြောပါတယ်။ အိမ်ပစ္စည်းတွေပါ ခိုးထုတ်နေကြပါပြီ။ အဲလိုလုပ်ကတည်းက ရွာသားတွေကို အကုန်ပေးမဝင်တော့တာပါ။ စက်မှုဘက်ကို မောင်းသွားတယ်” လို့ မျက်မြင် ဒေသခံတဦးကလည်း ပြောပါတယ်။
ရွာထဲက စစ်ရှောင်အိမ်တွေကို တံခါးတွေဖျက်၊ အကုန် မွစာကြဲအောင် မွှေနှောက်ထားတယ်လို့ သူကပြောပါတယ်။
ရွာသားတွေသွားတဲ့ ကွင်းလမ်းကိုလည်း မြောင်းတူး ဖြတ်ဝောာက်ထားပြီး အဲဒီအနီးနား ကပ်တာနဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ် ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
နမ့်ခုမ်ရွာက ပြည်သူတွေဟာ မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်ကစပြီး ရွာလုံးကျွတ် စစ်ဘေးရှောင်ကြရပြီး မူဆယ်မြို့ရှိ လွယ်တိန်ခမ်း ဘုရားတောင်ပေါ်နဲ့ တချို့က ဘေးလွတ်ရာ အသိဆွေမျိုးတွေအိမ်မှာ၊ တချို့က တရုတ်ဘက်ခြမ်း ရွှေလီမှာ၊ မူဆယ်မြို့ပေါ်ရှိ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ တိုက်ပွဲ ရှောင်တိမ်းနေကြရပါတယ်။