မန္တလေးမြို့၊ ကန်တော်ကြီးလမ်းမဘေးမှာ စစ်ဆေးရေးပြုလုပ်ဖို့ ရောက်ရှိနေတဲ့ အင်အား ၇ ဦးပါ စစ်အုပ်စုကို မတ္တရာမြို့နယ်ပကဖ တိုက်နယ် ၆ နဂါးနီတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ တောဒေါင်းနီ မြို့ပြရဲဘော်တွေက ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်က တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီတပ်ဖွဲ့ထံက သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရာမှာပဲ စစ်အုပ်စုဘက်က ၃ ဦး သေဆုံးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုတော့ မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
မတ္တရာမြို့နယ် ပကဖ တိုက်နယ် ၆ နဂါးနီတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့ တိုက်ခိုက်တဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒီနေရာမှာ (စ–)၊ (ရ–) လေးငါးယောက်ပဲ စစ်ဆေးရေးလုပ်တယ်။ လာတဲ့ကားတွေ ဖမ်းတယ်ပေါ့။ အဲ့ဒါကြောင့် အဲ့ဒီမစ်ရှင်ကို လုပ်တာပါ။ ကျနော်တို့လုပ်တဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်မှာ ကင်းပတ်လာတဲ့ကား ရောက်လာတယ်ဗျ။ ကျနော်တို့ရည်ရွယ်ထားတဲ့ မစ်ရှင်အတိုင်းဆို ကျနော်တို့လုပ်မယ့်ဟာက အောင်မြင်ပါတယ်။ ကင်းပတ်တဲ့ကား ရောက်လာတာကြောင့် ရန်သူ့လက်နက်ရရှိဖို့ လက်လွှတ်လိုက်ရပါတယ်” လို့ ပြောပါတယ်။
မြို့ပေါ်ဖြစ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကြောင့် လက်နက်တွေကို ကောက်ယူခဲ့ခြင်းမရှိဘဲ စစ်အုပ်စုဘက်က အသုံးပြုနေတဲ့ ဖုန်းနှစ်လုံးကိုတော့ ကောက်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ နဂါးနီတပ်ဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုအပြီး ပြန်အထွက်မှာ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့တယ်လို့လည်း နဂါးနီတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကျဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကိုတော့ စစ်အုပ်စုဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့ပေါ်မှာ ကား၊ သုံးဘီး၊ ဆိုင်ကယ်နဲ့ သွားလာနေသူတွေကို စစ်အုပ်စုက နေရာအများအပြားမှာ စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းပြကာ ငွေကြေးအများအပြား တောင်းခံတာတွေ လုပ်ဆောင်နေတာလို့ မန္တလေးမြို့ခံတွေဆီကနေ သိရပါတယ်။