ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး အီနိုင်းတံတားကိုကွင်းတဲ့ ဒုတိယကွင်းလမ်း ဇန်နဝါရီ ၁၇ ရက် ညနေမှာ ထပ်မံဖျက်ဆီးခံရကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ဒေသခံတဦးက “မနေ့ည လားရှိုးသွားလို့ရတဲ့လမ်း မရှိတော့ဘူး။ စစ်တပ်ဘက်က ဖျက်လိုက်တာ ဟုတ်တယ်။ ရက်စက်လိုက်တာ၊ ရွာကလူ ဒုက္ခရောက်ကုန်တော့မယ်” လို့ ပြောပါတယ်။
အဲဒီကွင်းလမ်းကို လက်ရှိ မူဆယ်-လားရှိုး၊ နမ္မတူ-လားရှိုး သွားတဲ့ ခရီးသွားပြည်သူတွေ အဓိက အသုံးပြုသွားလာနေတဲ့လမ်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အေတီတံတားဘက် ထွက်လာတဲ့ လမ်းကိုလည်း ဘူဒိုဇာနဲ့ ကော်လိုက်ပြီ။ သွားလို့ မရတော့ဘူး” လို့ ယာဉ်မောင်းတဦးကလည်း ပြောပါတယ်။
လားရှိုးမြို့ အဝင် အထွက် ကွင်းလမ်းတွေ အကုန်လုံး ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက မြောင်းတူးထားတယ်လို့ သိရကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။
လားရှိုး-မံစံ-နမ္မတူ လမ်းပေါ်က အီနိုင်းတံတားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပြီး အီနိုင်းတံတားကျိုးသွားလို့ ကွင်းသွားရတဲ့ ပထမကွင်းလမ်းပေါ်က နားကွမ်းတံတားကိုလည်း ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီခွဲဝန်းကျင်က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။