ဝေလမင်းသမီး ကက်သရင်းဟာ ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီးနောက် ဆေးရုံ နှစ်ပတ်လောက် တက်ရောက်ရမှာဖြစ်တယ်လို့ ကန်ဆင်တန်နန်းတော်က ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
“ကိတ်”လို့ လူသိပိုများတဲ့ ဗြိတိန်အိမ်ရှေ့စံကြင်ယာတော်ဟာ ဘာအတွက်ခွဲစိတ်ရတယ်ဆိုတာ အသေးစိတ်မသိရပေမဲ့ ကင်ဆာလို အခြေအနေမျိုး မဟုတ်ဘူးလို့ နန်းတွင်းသတင်းရင်းမြစ်က CNN ကို ပြောပါတယ်။
အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ ဆေးရုံဆင်းရင်လည်း နှစ်လသုံးလလောက် အနားယူရမှာဖြစ်ပြီး အီစတာပွဲတော်ကာလ မတိုင်မီအထိ ပြည်သူ့ရေးရာတာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မင်းသမီးဟာ လန်ဒန်မြို့လယ်ခေါင်က လန်ဒန် ကလင်းနစ်မှာ ကုသမှုခံယူတာဖြစ်ပြီး ယူကေမှာတော့ အကြီးဆုံးပုဂ္ဂလိကဆေးရုံတရုံ ဖြစ်ပါတယ်။
ချားလ်စ်ဘုရင်ဟာလည်း နောက်တပတ်ကျရင် ဆီးကျိတ်ရောင်ရောဂါအတွက် ကုသမှုခံယူမှာ ဖြစ်ပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်ရဲ့ အခြေအနေကလည်း စိုးရိမ်စရာမရှိဘူးလို့ ဘက်ကင်ဟန်နန်းတော်က ထုတ်ပြန်ပါတယ်။
Source/Photo-Reuters