အီကွေဒေါ အစိုးရရှေ့နေ ဆီဇာဆွာရက်ဇ်ဟာ ဇန်နဝါရီ ၁၇ ရက်က နိုင်ငံရဲ့ အကြမ်းဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ဂွါယာ့စ်ပြည်နယ်မှာ ပစ်သတ်ခံခဲ့ရကြောင်း အီကွေဒေါအစိုးရက ပြောကြားလိုက်ပြီး ဒီသတ်ဖြတ်မှုကို ရှုတ်ချလိုက်ပါတယ်။
နိုင်ငံတော်အစိုးရကိုယ်စား အစိုးရရှေ့နေ ဆီဇာဆွာရက်ဇ်ရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်း အီကွေဒေါ ကာကွယ်ရေးဝန်ကြီး ဂျန်ကာလို လော့ဖရေဒိုက ပြောကြားခဲ့ပြီး ဒီရာဇဝတ်မှု ဖြေရှင်းရေးမှာ တရားစီရင်ရေးစနစ်ကို ပံ့ပိုးကူညီပေးမယ့် အစိုးရရဲ့ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
အခုကြုံတွေ့နေရတဲ့ ပဋိပက္ခကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်မှု ပုံစံအားလုံးကို ငြင်းပယ်ပါတယ်လို့လည်း ဆိုပါတယ်။
အီကွေဒေါရှေ့နေချုပ် ဒိုင်ယာနာ ဆလာဇာ ကတော့ အစိုးရရှေ့နေ ဆွာရက်ဇ် အသတ်ခံရတဲ့နေရာကို ပဏာမ စုံစမ်းစစ်ဆေး နေကြောင်း ပြောကြားခဲ့ပါတယ်။
ရှေ့နေ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတဲ့ ရုပ်မြင်သံကြားဌာနတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဂွါယာ့စ်ပြည်နယ်ရှိ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်ထားသူ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
ဒါပေမဲ့ မှုခင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။
ဂွါယာ့စ်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီအကြမ်းဖက်လုပ်ရပ်တွေဟာ အီကွေဒေါနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနေတဲ့ အာဏာပိုင်တွေကို ဟန့်တားနိုင်မှာမဟုတ်ကြောင်း ဒေသမီဒီယာကို ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အီကွေဒေါမြို့တော်ရှိ TC ရုပ်မြင်သံကြားဌာနမှာ တိုက်ရိုက်ထုတ်လွှင့်နေတုန်း သေနတ်သမားတွေက ကြားဖြတ်နှောင့်ယှက်ခဲ့တာ၊ အကျဉ်းထောင်ဝန်ထမ်း ၂၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးတာ၊ မြို့အများအပြားမှာ ဖောက်ခွဲမှုတွေနဲ့ ရဲအရာရှိတွေကို ပြန်ပေးဆွဲတာ အပါအဝင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရတာပါ။
သမ္မတ ဒန်နီရယ်နိုဘိုအာ ကလည်း ညမထွက်ရအမိန့် အပါအဝင် ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ရာဇဝတ်ဂိုဏ်း ၂၂ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source/Photo-Reuters