စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ခင်ဦးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေကြရပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီက စတင်ကာ ၁၁ နာရီ ၁၅ မိနစ်အထိ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၁၆ ရက်က မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ် အနောက်ဘက် ညောင်ပင်ကြီးဆိပ်ကမ်းကို မော်တော်နဲ့ကူးလာပြီး ဆားလင်းကြီးမြို့ကို စစ်ကြောင်းထိုးလာတာလို့ ရွာသားတဦးက ပြောပါတယ်။
“ဒီနေ့က သူတို့ စစ်ကောင်စီစစ်ကြောင်းက ဆားလင်းကြီးမြို့ကနေ ပိုင်းတောင်ကြီး အရှေ့ဘက် ဂူကျောင်းကနေအရှေ့ကို စစ်ကြောင်းစထိုးလာတယ်ဗျ။ မနက်ခင်း ၉ နာရီကျတော့ ဆားထုံးရွာအနီးနဲ့ လက်ပံကျွန်းရွာကြားမှာ တိုက်ပွဲတကြိမ် စဖြစ်တယ်။ အဲ့ဒါပြီးတော့ ၁၁ နာရီကနေ ၁၁ နာရီ ၁၅ မိနစ်အထိ တကြိမ်ဖြစ်တယ်ဗျ။ အထိအခိုက်ကတော့ ဘာမှမသိရသေးဘူး။ ကျနော်တို့ အရပ်သားတွေကတော့ ထုံးစံအတိုင်း စစ်ကောင်စီလာတာနဲ့ တိုက်ပွဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် နေရပ်ကနေ ထွက်ပြေးရတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် ဆားထုံးရွာ အပါအဝင် ဒေသခံကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက ဖြစ်တာ ဟုတ်တယ်ဗျ။ သူတို့က ဆားလင်းကြီးကနေ ပြန်ထွက်လာပြီးတော့ ကျနော်တို့နဲ့ ဆားထုံးရွာအနီးမှာ တိုက်ပွဲက ပြင်းပြင်းထန်ထန်ကို ဖြစ်တာဗျ။ မိုင်းကွင်းထဲ ဝင်လာတဲ့ကောင်တွေတော့ မိုင်းဆွဲလိုက်တာ မျက်မြင် ၄ ကောင်ကတော့ နေရာတင် သေဆုံးတယ်။ ကျနော်တို့ဘက်ကလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားထုံးရွာဟောင်းက ပြည်သူ့နေအိမ် ၇ လုံးကို အကြောင်းမဲ့မီးရှို့ပြီး “မင်းတို့ကောင်တွေ ဒီနေရာကပဲ ဆက်ဆက်စောင့်နေ၊ ပြန်လာခဲ့မယ်” ဆိုပြီး ကြုံးဝါးကာ ဆားလင်းကြီးမြို့အတွင်း တပ်ပြန်ဆုတ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်တောင်ဘက်ခြမ်းကိုလည်း ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီ ၂၀ လောက်မှာ ရွှေဘို လေ့ကျင့်ရေး ၈ မှ အင်အား ၇၀ လောက် သံဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ တယ်လို့ သံဘိုရွာသားတဦးက ပြောပါတယ်။
ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်း ပိတောက်ကုန်းကျေးရွာကိုလည်း ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီ အင်အား ၈၀ လောက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ပိတောက်ကုန်းရွာသူတဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်ကို စစ်ကောင်စီက ဇန်နဝါရီ ၃ ရက်ကစတင် စစ်ကြောင်း ထိုးနေတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ၇ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် စစ်ရှောင် ပြည်သူ ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။