ပိုလန် ကုန်တင်ကားသမားတွေဟာ နိုဝင်ဘာလကတည်းက ယူကရိန်းနယ်စပ်ဖြတ်ကျော်ဂိတ် အများအပြားကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့ သဘောတူခဲ့ကြတယ်လို့ ပိုလန်အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
အစိုးရဟာ ကော့ခ်ဂျိုးဝါ၊ ဟရယ်ဘင်းညဲနဲ့ ဒိုရိုးဟုစ်ခ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ခုမှာ မတ်လ ၁ ရက်အထိ ဆန္ဒပြမှုတွေကို ဆိုင်းငံ့ထားမယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အခြေခံအဆောက်အဦဝန်ကြီး ဒါရီအုစ် ကလင့်မ်ရှာ့ခ်က ပြောပါတယ်။
သဘောတူညီချက်အရ ပိုလန်အစိုးရဟာ ဥရောပသမဂ္ဂ (EU) စည်းမျဉ်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေအတွက် အီးယူရန်ပုံငွေကို လုံခြုံစေဖို့နဲ့ ယူကရိန်းနယ်စပ်ရှိ ထိန်းချုပ်မှုတွေကို ပိုပြီးခိုင်မာအောင် လုပ်ဆောင်မယ်ဆိုပြီး ကတိပြုထားပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ကိုယ်စားလှယ်တွေကတော့ ရလဒ်တွေ အဆင်မပြေဘူးဆိုရင် ဆန္ဒပြမှုတွေကို ပြန်စတင်မှာဖြစ်ကြောင်း အလေးပေး ပြောကြားပါတယ်။
ပိုလန်ကုန်တင်ယာဉ်မောင်းတွေဟာ နိုဝင်ဘာ ၆ ရက်က နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို စတင်ပိတ်ဆို့ခဲ့တာဖြစ်ပြီး သူတို့ရဲ့လုပ်ငန်းကို ယူကရိန်းကုမ္ပဏီတွေက ဖြတ်ယူသွားကြတယ်လို့ စောဒကတက် တိုင်ကြားခဲ့ကြပါတယ်။
ယူကရိန်းမှာ ပဋိပက္ခဖြစ်ပွားပြီး မကြာခင်မှာပဲ အီးယူအစုအဖွဲ့တွေက ယူကရိန်းကုမ္ပဏီတွေကို သက်ညှာလျှော့ပေါ့လုပ်ကိုင်ခွင့် ပေးထားခဲ့တာဖြစ်ပြီး အခု ဆန္ဒပြအဖွဲ့တွေကတော့ ယူကရိန်းကုမ္ပဏီတွေကို ကူးသန်းရောင်းဝယ်ရေးပါမစ်တွေ ပြန်သတ်မှတ်ပေးဖို့ အီးယူကို တိုက်တွန်းထားပါတယ်။
Source/Photo-Reuters