မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်သဘောတူထားပေမဲ့ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေဟာ ကိုးကန့်တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကချင်တောင်နဲ့ မီတာ ၃၀ အကွာအဝေးကို ဝင်ရောက်လာကာ လက်ပစ်ဗုံးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ တန်ပြန်ထိုးစစ်ကို မခုခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးချိန်မှာလည်း ၆၀ မမ လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဇန်နဝါရီ ၁၃ ရက်ကတည်းက ထိုးစစ်တွေ ပြန်ဆင်နေတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၅ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက် သိမ်းယူထားပါတယ်။