ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ မော်ရင်ညိုဟာ အသင်းဟောင်း ရိုးမားကို ဂုဏ်ပြုစကား ဆိုသွားခဲ့ပါတယ်။
ရိုးမားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး လာဇီယိုနဲ့ အေစီမီလန်အသင်းတွေကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
မော်ရင်ညိုကတော့ အသင်းမှာရှိနေစဉ်အတွင်းမှာ သွေး၊ ချွေး၊ မျက်ရည်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ခံစားခဲ့ရသလို သွေးသောက်ညီအစ်ကိုစိတ်ဓာတ်၊ သမိုင်းဝင်အောင်ပွဲနဲ့ ချစ်ခြင်းမေတ္တာ တွေလည်း ရရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးခဲ့ပါတယ်။
မော်ရင်ညိုဟာ ရိုးမားအသင်းကို သူတာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်းမှာ ယူရိုကွန်ဖရင့်လိဂ် ဆုဖလား ရယူနိုင်ခဲ့ပါတယ်။
ရိုးမားပရိသတ်တွေကတော့ မော်ရင်ညိုကို အမြဲတမ်း အားပေးနေမှာဖြစ်ပြီး အသင်းအတွက် စွမ်းဆောင်ပေးမှုတွေကို ကျေးဇူးတင်ကြောင်း မှတ်ချက်ပေးကြပါတယ်။
ရိုးမားအသင်းဟာ မော်ရင်ညိုရဲ့နေရာမှာ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ဒီရော့ဆီကို နည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်ခဲ့ပါတယ်။
Photo-Reuters