ရန်ကုန်မြို့မှာ အိမ်နဲ့ တိုက်ခန်းငှားခတွေ ဆက်တိုက်တိုးတောင်းနေတာကြောင့် အိမ်ငှားနေထိုင်သူတွေ အခက်အခဲအကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ အိမ်ငှားနေထိုင်သူတွေထံက သိရပါတယ်။
အိမ်ရှင်နဲ့ ပွဲစားတွေက အိမ်ခန်းနဲ့ တိုက်ခန်းငှားခတွေကို လခြားဆိုသလို စျေးနှုန်း တိုးမြှင့်သတ်မှတ်နေတာဖြစ်ပြီး တနှစ်အတွင်းကို စျေးနှုန်း သုံးကြိမ်လောက်အထိ ပြောင်းလေ့ရှိလာတယ်လို့ အိမ်ငှားတချို့က ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ အိမ်ငှားနေထိုင်သူတဦးက "ပထမစာချုပ်က မပြည့်သေးဘဲနဲ့ကို လစာထပ်တိုးပြီး စာချုပ်ချုပ်ခိုင်းတယ်။ ကိုယ်မနေရင် နောက်လူက အဆင်သင့်ရှိနေတော့ အိမ်ရှင်တွေက မာနေတာ။ ဒီလိုအားလုံး ကျပ်တည်းဒုက္ခရောက်နေချိန်မှာ ကိုယ်ချင်းစာစိတ် မရှိကြဘူး" လို့ ပြောပါတယ်။
ရန်ကုန်မြို့က တိုက်ခန်းအငှားစျေးဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အနည်းဆုံး ကျပ် ၃ သောင်းကနေ ကျပ် ၁ သိန်းလောက်အထိ တိုးသွားတယ်လို့ အိမ်ငှားသမားတွေဆီက သိရပါတယ်။
အိမ်ငှားခတက်လို့ ပြောင်းမယ်ဆိုရင် အပြောင်းအရွှေ့အတွက် အလုပ်ရှုပ်တာ၊ ပွဲစားခထပ်ပြီး ကုန်ကျမှာတွေ ရှိနေတာကြောင့် မလွန်ဆန်နိုင်ကြတဲ့ အခြေအနေဖြစ်နေကြတာလို့ တောင်ဥက္ကလာပမြို့နယ်မှာ အိမ်ငှားနေထိုင်သူတဦးက ပြောပါတယ်။
"တနေရာကနေ တနေရာ ပြောင်းရ ရွှေ့ရတာ လွယ်တာမဟုတ်ဘူး။ ခေတ်အခြေအနေက ပတ်ဝန်းကျင်အသစ်ရောက်ရင် ရပ်ကွက်ရုံးနဲ့က စကားပြောရသေးတာ။ အိမ်ရှင်တွေကတော့ သူတို့ငွေရရင်ပြီးရော အိမ်ငှားတွေဘက် ထည့်မစဥ်းစားကြဘူး။"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လုပ်ခလစာတိုးလာတာမရှိဘဲ အထွေထွေကုန်စျေးနူန်းနဲ့ အိမ်ငှားခတွေသာ တိုးလာတာကြောင့် ခက်ခဲကျပ်တည်းမှုတွေ ပိုပြီးကြုံလာရတယ်လို့ သူတို့က ဆိုပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိ ရွှေ့ပြောင်းနေထိုင်သူတွေ များလာပြီး အခန်းလွတ်ရှားနေကြတာကြောင့် ငှားရမ်းခစျေး တက်လာတာလို့လည်း တိုက်ခန်းဝယ်ရောင်း အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။