မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို မလေးရှားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ မလေးလူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ တီရန်ဂါနူးပြည်နယ်၊ ကွာလာနာရပ်ဖ်က ဘောလုံးကွင်းတခုမှာ ဘောလုံးကန်နေတဲ့သူတွေကို မလေးရှားရဲတပ်ဖွဲ့နဲ့ မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီခွဲမှာ ဝင်ရောက်စစ်ဆေးပြီး အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
မလေးလူဝင်မှုကြီးကြပ်ရေးနဲ့ မလေးရှားရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ဂျိုဟာပြည်နယ်ထဲမှာရှိတဲ့ ကလေးထိန်းကျောင်း၊ စားသောက်ဆိုင်တွေနဲ့ ငါးဖမ်းလှေတည်ဆောက်ရေးလုပ်ငန်း စတဲ့ နေရာ ၉ ခုကို ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီခွဲက ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား ၁၀၈ ဦးကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးပြီးနောက် အထောက်အထား စာရွက်စာတမ်းပါရှိတဲ့ ၉၁ ဦးကို ပြန်လွှတ်ပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၄ ဦး အပါအဝင် နိုင်ငံခြား အယောက် ၃၀ တို့ကို အထောက်အထား စာရွက်စာတမ်း မပါရှိမှုအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ ၂ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ မလေးလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်မှာ ဇန်နဝါရီ ၆ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက်ကို မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။