အသိဉာဏ်တု (AI) နည်းပညာ ဖွံ့ဖြိုးလာမှုကြောင့် အလုပ်အကိုင်တွေ ပျောက်ဆုံးလာနိုင်ပြီး ကမ္ဘာတဝန်း အလုပ်အကိုင် ၄၀ ရာခိုင်နှုန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးလိုက်ပါတယ်။
မညီမျှမှုပါ မြင့်တက်လာနိုင်တာကြောင့် အစိုးရတွေအနေနဲ့ လူမှုဖူလုံရေး အရေးပေါ် အကူအညီတွေ ထူထောင်ကြဖို့၊ AI ရဲ့ သက်ရောက်မှုကို တန်ပြန်နိုင်ဖို့ရာ ပြန်လည်လေ့ကျင့် သင်ကြားပေးတဲ့ အစီအစဉ်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ IMF အကြီးအကဲ ခရစ္စတယ်လီနာဂျော်ဂျီဗာက သတိပေးပါတယ်။
“အခြေအနေအများစုမှာ AI ဟာ အရပ်ရပ်မညီမျှမှုကို ပိုးဆိုးစေပါလိမ့်မယ်။ နည်းပညာက လူမှုတင်းမာမှုတွေကို ပိုဆိုးလာစေမယ့်အချက်ကို မူဝါဒချမှတ်သူတွေက တက်တက်ကြွကြွ ကိုင်တွယ်ရမှာဖြစ်ပါတယ်” လို့ IMF အကြီးအကဲက ရေးသားထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မှာ ကျင်းပနေကျ ကမ္ဘာ့စီးပွားရေးဖိုရမ် မစတင်မီ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့မှာ စတင်တဲ့ ဖိုရမ်မှာ AI ကြော်ငြာတွေ၊ အမှတ်တံဆိပ်တွေက လွှမ်းမိုးနေပါတယ်။
နာမည်ကျော် ChatGPT ကို ဖန်တီးတဲ့ OpenAI ရဲ့ စီအီးအို ဆမ်အော့တ်မန်းနဲ့ မိုက်ခရိုဆော့ဖ်စီအီးအို ဆတ်တျာ နာဒဲလ်လား တို့ကလည်း “ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိသော အသိဉာဏ်တု - စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ ရေနွေးငွေ့အင်ဂျင်လား” ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
AI ကို အလုပ်သမားတွေ၊ လုပ်ငန်းတွေမှာ ပိုအသားကျလာတာနဲ့အမျှ လူသားလုပ်အားစုကို ပိုကူညီနိုင်မှာဖြစ်သလို ထိခိုက်စေမှာလည်းဖြစ်တယ်လို့ ဂျော်ဂျီဗာက သုံးသပ်ထားပါတယ်။
Source/Photo-Reuters