ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို ချဲ့ထွင်ပြီး လာမယ့်နှစ်မှာ နေတိုးမဟာမိတ်နိုင်ငံတွေကိုပါ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေကို မှန်းဆပြီး ဂျာမနီနဲ့ ဥရောပနိုင်ငံတွေက ပြင်ဆင်ထားတယ်လို့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းကို ကိုးကားပြီး ဂျာမန်နာမည်ကြီးသတင်းစာ ဘစ်လ်ဒ်က ဖော်ပြပါတယ်။
ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ရရှိတဲ့ စစ်ရေးလျှို့ဝှက်သတင်း အချက်အလက်တွေအရ အရှေ့ဥရောပမှာ ရုရှားက ဆိုက်ဘာစစ်ပွဲနဲ့ သမားရိုးကျစစ်ပွဲ နှစ်မျိုးစပ် တိုက်ခိုက်မှုတွေ လုပ်လာရင် တုံ့ပြန်ဖို့ ဂျာမနီတပ်ဖွဲ့တွေ ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။
ဒီနှစ် ဖေဖော်ဝါရီမှာ စတင်မယ့် “မဟာမိတ်ကာကွယ်ရေး ၂၀၂၅” အမည်ရတဲ့ အခင်းအကျင်းမှာ ရုရှားဘက်က စစ်သည် ၂ သိန်း အသုံးပြုပြီး စစ်ဆင်လာမယ့် အခြေအနေမျိုး ခန့်မှန်း ပုံဖော်ထားပါတယ်။
ယူကရိန်းအတွက် အနောက်ကမ္ဘာက ငွေကြေးပံ့ပိုးမှုတွေ ခန်းခြောက်လာတဲ့အချိန်မှာ ရုရှားက ယူကရိန်းတပ်တွေကို ဧရာမနွေဦးထိုးစစ်ကြီး ဆင်နွှဲမယ်လို့ မှန်းထားပါတယ်။
အဲဒီကနေ ဇူလိုင်လအတွင်း ဘောလ်တစ်ဒေသမှာ ရုရှားက “ဆိုက်ဘာတိုက်ခိုက်မှုကြီးတွေ လုပ်လာမယ်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူရေးနီးယားက ရုရှားလူမျိုးတွေကြား မကျေနပ်မှုတွေ များလာအောင် လှုံ့ဆော်မယ်။ စက်တင်ဘာကျရင် “ဇာပတ် ၂၀၂၄” လို့ နာမည်ပေးထားတဲ့ အကြီးစားစစ်ရေးလေ့ကျင်မှုကြီးကို ရုရှားအနောက်ပိုင်းနဲ့ ဘီလာရုစ်မှာ လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီကနေ လစ်သူရေးနီးယားနဲ့ ပိုလန်ကြားက ၈၆ မိုင်ရှည်တဲ့ ကာလင်နင်ဂရက် လို့ခေါ်တဲ့ ရုရှားပိုင်နက်ထဲကို တပ်တွေ၊ ဒုံးကျည်တွေ ရွှေ့မယ်။ နေတိုးက တိုက်ခိုက်လာနိုင်တယ် ဆိုတာမျိုး ဝါဒဖြန့်ပြီး အဲဒီဒေသတဝိုက်မှာ ဗုံးကြဲမယ်။ ဆူဗော်လ်ကီစင်္ကြံလို့ ခေါ်တဲ့ ပိုလန်နဲ့ လစ်သူရေးနီးယားကြားက လမ်းကြောင်းကို ထိန်းချုပ်ဖို့ ကြိုးစားမယ်လို့ စစ်ရေးလျှို့ဝှက်သတင်းမှာ ပါရှိပါတယ်။
ဒီဇင်ဘာကျရင် အမေရိကန်မှာ ရွေးကောက်ပွဲနဲ့ အာဏာအပြောင်းအလဲ ဖြစ်နေတဲ့အချိန် “နယ်စပ်ပဋိပက္ခ၊ အသေအပျောက်များတဲ့ ဆူပူမှု” ဆိုတာတွေ အကြောင်းပြပြီး မငြိမ်သက်မှုတွေ ဖန်တီးမယ်။ အနောက်နိုင်ငံတွေက ရုရှားအစိုးရကို ဖြုတ်ချဖို့ လုပ်နေပါတယ်လို့ ၂၀၂၅ ဇန်နဝါရီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စွပ်စွဲပြီး ကာကွယ်ဖို့အကြောင်းပြချက်နဲ့ ၂၀၂၅ မှာ ဘီလာရုစ်နဲ့ ဘောလ်တစ်ဒေသကို စစ်တပ်တွေလွှတ်ကာ သိမ်းပိုက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဲဒီအနေအထားမှာ ဂျာမနီစစ်တပ်ကို ဘယ်လိုစစ်ပြင်မယ်၊ မဟာမိတ်နိုင်ငံတွေနဲ့ ဘယ်လိုပူးပေါင်း တိုက်ခိုက်မယ် ဆိုတာကို အဲ့ဒီစာရွက်စာတမ်းတွေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
Source/Photo-Reuters