စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်က အာဏာသိမ်းစစ်တပ်ရဲ့ မိသားစုဝင်တွေစုပေါင်းပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့ခံ CDM ကျောင်းဆရာမ တယောက်က "ဝါဒဖြန့်စာတွေကိုင်ပြီး တပ်ကိုထောက်ခံတယ် လုပ်နေကြတာ။ သူတို့လူ သူတို့ထောက်ခံနေကြတာ။ မြို့ခံက ပြည်သူတွေ ဘယ်သူမှ မထောက်ခံဘူး။ စစ်ဆိုတဲ့ အသံကို မကြားချင်တာ။ နယ်တွေဘက်ဆို လူသတ်၊မီးရှို့လုပ်နေတာ ဘယ်သူတွေလုပ်လဲဆိုတာ ရွာသူရွာသားတိုင်း အကုန်သိတယ်” လို့ ပြောပါတယ်။
တပ်ထောက်ခံပွဲမှာ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စတဲ့ ဝါဒဖြန့် စာသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ စစ်ကောင်စီ အထိုက်ချ တပ်စခန်းတွေကို မဟာမိတ်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက် သိမ်းပိုက်နေချိန်မှာ အခုလို စစ်တပ်ထောက်ခံပွဲတွေကို နေပြည်တော်နဲ့ မြစ်ကြီးနားစတဲ့ နေရာအသီးသီးမှာ ပြုလုပ်လာနေတာ ဖြစ်ပါတယ်။
အဲဒီတပ်ထောက်ခံပွဲကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီ မိသားစုဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံများဖြစ်တဲ့ ဌာနဆိုင်ရာက Non CDM ဝန်ထမ်းတွေ ပါဝင်ပြီး ပျူစောထီးကျေးရွာတွေမှ စစ်တပ်ထောက်ခံသူတွေလည်း နေ့စားခ ရယူပြီး လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီထောက်ခံပွဲက ပြန်လာတဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ တာတေ-ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TRF ကနေ သိရပါတယ်။
ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်ထောက်ခံပွဲ ပြုလုပ်ပြီး ပြန်လာတဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီခွဲလောက်က အနောက်ဘုန်းကန်ရွာနားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တာဝေးပစ်ရော့ကက်နဲ့ ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TRF တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်လီယိုက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတွင်းသတင်းပေးတွေရဲ့ လက်ကိုင်ဖုန်းတွေ အသိမ်းခံထားရတာကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
“အဲဒီပျူစောထီးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပခုက္ကူမြို့ ပြည်သာယာခန်းမကနေ ရွှေမုဌောဘုရားအထိ မနက် ၈ နာရီကနေ ၁၀ နာရီအထိ စစ်တပ်ထောက်ခံပွဲ ပြုလုပ်ကြတာဗျ။ မြို့ထဲကိုပစ်ရင် ပြည်သူတွေထိခိုက်မှာစိုးလို့ သူတို့ ရွာကိုပြန်ရောက်မှ ပစ်တာ။ မိဘပြည်သူတွေအနေနဲ့လည်း ဒေသန္တရ အရေးပေါ်ထုတ်ပြန်ချက်တွေကို လိုက်နာပြီး စစ်ကောင်စီတပ်သားတွေ၊ သူတို့ရဲ့လက်ပါးစေတွေနဲ့ ဝေးဝေးမှာ နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်တယ်။”
အဲဒီတိုက်ခိုက်မှုကို TRF၊Cobra-One၊ စနေမင်း-မြိုင်၊ ဘငြိမ်းပြောက်ကျားတပ်ဖွဲ့၊ ဆင်ညီနောင်တပ်ဖွဲ့နဲ့ PKU N PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။