ဆောင်းတွင်းမုန်တိုင်းကြီးတခု ဝင်ရောက်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ နေရာအတော်များများမှာ စံချိန်တင် အေးခဲနေပြီး လေပြင်းတိုက်ခိုက်မှုတွေ၊ ဆီးနှင်းရွာချမှုတွေ ဖြစ်ပေါ်နေပါတယ်။
စနေ၊ တနင်္ဂနွေ အားလပ်ရပ်တွေမှာ အာတိတ်အအေးလှိုင်းက ဆက်လက်ဝင်ရောက်တာကြောင့် ၁၄ ရက်မှာ မွန်တားနား၊ တောင်ဒါကိုတာ၊ မြောက်ဒါကိုတာ ပြည်နယ်တွေမှာ စံချိန်တင် အေးခဲခဲ့ပြီး အနုတ် ၇၀ ဖာရင်ဟိုက် (-၅၇ ဆဲလ်စီးယပ်စ်) အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အာတိတ်အအေးလှိုင်းရဲ့ လေအအေးဒဏ်ဟာ နိုင်ငံသား ၉၅ သန်းလောက်အပေါ် သက်ရောက်မှုရှိမယ်လို့ အမေရိကန် မိုးလေဝသဌာန NWS က သတိပေးထားပါတယ်။
မိုးလေဝသခန့်မှန်းသူတွေကတော့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တဲ့ ဆောင်းတွင်း ရာသီဥတုမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၂၄ ရွေးကောက်ပွဲရာသီကို စဖွင့်တဲ့ ဇန်နဝါရီ ၁၅ ရက် အိုင်အိုဝါပြည်နယ် အကြိုရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုတွေလည်း ရာသီဥတုကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
ရာသီဥတုဆိုးရွားတာကြောင့် လေကြောင်းခရီးစဉ် ထောင်ချီ ရပ်နားခဲ့ရသလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရသူ ၃ သိန်းခွဲလောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အိုင်အိုဝါပြည်နယ်အရှေ့ပိုင်း၊ အီလီနွိုက်ပြည်နယ်မြောက်ပိုင်းနဲ့ ဝစ္စကွန်ဆင်တောင်ပိုင်း အပါအဝင် အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ နှင်းထုက ၆ လက်မကနေ ၁၀ လက်မထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters