ဇန်နဝါရီ ၁၅ ရက်ရောက်တိုင်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ ကယားပြည်နယ် နေ့အထိမ်းအမှတ်ပွဲဟာ တိုက်ပွဲတွေကြောင့် အခုနှစ်မှာတော့ စစ်ကောင်စီခန့် ပြည်နယ် အစိုးရအဖွဲ့ဝင် အနည်းငယ်နဲ့ပဲ လုံခြုံရေးတင်းကျပ်ကာ အကျဉ်းချုံးကျင်းပခဲ့ပါတယ်။
၇၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်လူထုအခမ်းအနားနဲ့ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်အပ်နှင်းတဲ့ အခမ်းအနားကို လွိုင်ကော်မြို့မှာ ကျင်းပခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
အဆိုပါအခမ်းအနားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု ၆၆ ဆုနဲ့ ဂုဏ်ပြုလက်မှတ် ရရှိသူ ၁၄၃ ဦး၊ စုစုပေါင်း ၂၈၄ ဦးကို ချီးမြင့်ခဲ့တဲ့အပြင် နိုင်ငံ့ဝန်ထမ်းတွေကိုလည်း စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ၅၇ ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ၁၈ ဆု ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါအခမ်းအနားမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းအပါအဝင် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အသီးသီးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်နေ့ကို အရင်က လွိုင်ကော်မြို့ ထေးသမရပ်ကွက် ကယားပြည်နယ်နေ့ ပွဲတော်ကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့တာပါ။
၂၀၂၁ ခုနှစ်ကစပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်နဲ့ စစ်အာဏာသိမ်းမှုကြောင့် အကျဉ်းချုံးသာ ကျင်းပလာခဲ့ပြီး မနှစ် ၂၀၂၃ ခုနှစ်က ကျင်းပတဲ့ ပြည်နယ်နေ့ အထိမ်းအမှတ်မှာတော့ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အခုနှစ်မှာတော့ ကယားတပြည်နယ်လုံး လွိုင်ကော်မြို့အပါဝင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် လုံခြုံရေးတင်းကျပ်ပြီး အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကြောင့် ပြည်သူလူထုတွေ သေကျေ ဒဏ်ရာရ အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရသလို သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ် စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စေတီတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ကရင်နီ(ကယား)ပြည်နယ်ကနေ စွန့်ခွာထွက်ပြေးသွားရသူတွေကတော့ ပြည်နယ်နေ့ကို အမှတ်ရကြောင်း ပြည်နယ် အမြန်ငြိမ်းချမ်းဖို့ ဆုတောင်းစာသားတွေကို သူတို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားကြပါတယ်။