ဧရာဝတီတိုင်း၊ ညောင်းတုန်းမြို့နယ်မှာ စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရဲနဲ့ ငွေကြေးတပ်နိုင်သူတွေ ပူးပေါင်းပြီး တရားမဝင်း လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံ ပေါ်ပေါထင်ထင်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
''အုပ်ကြီးနဲ့ အခြားတာဝန်ရှိတွေနဲ့ ချမ်းသာတဲ့သူတွေ ပေါင်းလုပ်နေတာ။ တရားဝင်လုပ်နေတဲ့အတိုင်းပဲ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး လုပ်နေတာ။ အိပ်ချင်တိုင်းလည်းမအိပ်ရ၊ ဘာမှလည်း စိတ်ချမရဖြစ်နေတယ်။ ဦးဆောင်သူတွေက ပူးပေါင်းလုပ်နေတော့ တော်တော်ခက်တယ်။ ဘာလောင်းကစားကို လုပ်ချင်သလဲ အကုန်ရတယ်။ အရေးယူဖို့မပြောနဲ့ သူတို့ကပေါင်းလုပ်နေတော့ ဘာမှကိုမပြောတတ်တော့ဘူး။”
အခုလို လောင်းကစားတွေ လုပ်နေတဲ့အတွက် ဒေသခံတွေ သမားရိုးကျ အလုပ်တွေ မလုပ်တော့ဘဲ လောင်းကစားလုပ်ဖို့ပဲ စိတ်ဝင်စားကြကြောင်း၊ အခုတိုင်းဆို အကုန်ဘဝပျက်ကြတော့မယ်လို့ ဆိုပါတယ်။
ဒေသခံက “အခုရွာထဲက လူကြီး လူငယ် သမာရိုးကျအလုပ်ကို စိတ်မဝင်စားတော့ဘူး၊ လောင်းကစားလုပ်ဖို့ပဲ အာသန်နေတာ။ လောင်းကစားဝိုင်းကနေ တင်လာတဲ့အကြွေးကိုလည်း ပိုက်ဆံပေးရင်ပေး မပေးရင် အကုန်သိမ်းယူနေတယ်။ ဒီပုံစံအတိုင်းဆို အကုန်ဘဝပျက်တော့မှာ၊ နောက်ဆို ဒီ့ထက်ဆိုးတဲ့ အခြေအနေတွေ ဖြစ်လာတော့မယ်” လို့ ပြောပါတယ်။
ညောင်တုန်းမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းတွေ ပေါများလာတာဖြစ်ပြီး အဲ့ဒီလို လောင်းကစားဝိုင်းတွေ ပေါများလာတဲ့အတွက် ဓားပြတိုက်၊ လုယက်၊ ခိုးယူ သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဟာ အနည်းဆုံး ၁ လကို အကြိမ် ၂၀ လောက် ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။