အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တွေမှာ အကြမ်းဖက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာ အကျဉ်းထောင် ၇ ခုမှာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင် ဝန်ထမ်း ၁၇၈ ဦးစလုံး ဇန်နဝါရီ ၁၃ ရက် စနေနေ့ ညနေပိုင်းမှာ လွတ်မြောက်လာပြီဖြစ်ကြောင်း SNAI အကျဉ်းထောင်အေဂျင်စီက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၈ ရက်ကတည်းက အားယွေ၊ ကနာ၊ အက်စ်မရားလာ့စ်၊ ကော်တော်ပ့ါခ်စီ၊ တွန်ဂူရာဟွာ၊ အလ်လိုရို နဲ့ လိုဟာ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေဟာ အကျဉ်းထောင်စောင့် ၁၅၈ ဦးနဲ့ အုပ်ချုပ်ရေးဝန်ထမ်း အယောက် ၂၀ တို့ကို ဓားစာခံတွေအဖြစ် ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။
အီကွေဒေါသမ္မတ ဒန်နီယယ် နိုဘိုအာဟာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင် လုံခြုံရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ အောင်အောင်မြင်မြင် လွတ်မြောက်လာခဲ့တဲ့အတွက် အားထုတ်ကြိုးပမ်းခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းထောင် အေဂျင်စီ SNAI တို့ရဲ့ မျိုးချစ်စိတ်၊ ပရော်ဖက်ရှင်နယ်ကျမှုနဲ့ သတ္တိရှိမှုတို့ကို ဂုဏ်ပြုပါကြောင်း လူမှုမီဒီယာဝက်ဘ်ဆိုဒ်မှာ ပို့စ်တင်ထားပါတယ်။
ဓားစာခံဖမ်းဆီးမှုမှာ တာဝန်ရှိသူတွေကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ကြောင်း SNAI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ SNAI ဟာ အလ်လိုရို ပြည်နယ်ရှိ အကျဉ်းထောင်မှာ အကျဉ်းသားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်တိုက်တွေ့မှုမှာ အစောင့်တစ်ဦး သေဆုံးခဲ့မှု အပါအဝင် စနေနေ့အစောပိုင်းက အကျဉ်းထောင်အများအပြားမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို အစီရင်ခံခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။ တနင်္လာနေ့မှာ အရေးပေါ်အခြေအနေ ကြေညာပြီးကတည်းက လူပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း အစိုးရက ပြောပါတယ်။
Source/Photo - Reuters