Home
မြန်မာသတင်း
ပိတ်ခံရသည့် မင်္ဂလာဆေးရုံ ပြန်လည်ဖွင့်လှစ်
DVB
·
January 14, 2024
MingaLar Hospital reopen_14012024

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က မင်္ဂလာ ပုဂ္ဂလိကဆေးရုံကို CDM ဆရာဝန်တွေ အလုပ်ခန့်ထားလို့ဆိုပြီး ပြီးခဲ့တဲ့နှစ်  သြဂုတ်လမှာ စစ်ကောင်စီက ယာယီပိတ်ခိုင်းထားပြီး  ၅ လအကြာ ဇန်နဝါရီ ၁၃ ရက် မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ မန္တလေး ဒေသခံ‌တွေဆီက  သိရပါတယ်။

၅၈ လမ်းနဲ့  ၄၂ လမ်းထောင့်က မင်္ဂလာဆေးရုံဟာ နိုင်ငံတကာအဆင့်မီ ဆေးရုံတရုံဖြစ်ပြီး ဆရာဝန်၊ သူနာပြုတွေအပါအဝင် ဝန်ထမ်းအင်အား ၇၀၀ ကျော်နဲ့  လည်ပတ်နေတဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတွေထဲက အကြီးဆုံး အထွေထွေရောဂါကု ဆေးရုံတရုံ ဖြစ်ပါတယ်။

မင်္ဂလာဆေးရုံက ဝန်ထမ်းတယောက်က “ဟုတ်ပါတယ်။ ဆေးရုံပြန်ဖွင့်ပါပြီ။ စနေနေ့ မနက် ၇ နာရီကစပြီး ကျန်းမာရေးဝန်ဆောင်မှုတွေစတင် လုပ်ဆောင်ပေးနေပါပြီ။ ကျနော်တို့သိတာက ၃ လ ပိတ်ခံရတယ် လို့ သိတာ။ အခုတော့ ၅ လ နီးပါးပေါ့နော်။ စားဝတ်နေရေး ကျပ်တည်းနေချိန်မှာ အလုပ်ပြန်ရလို့ ဝမ်းသာနေရတယ်ဗျာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက နန်းတော်ဆေးရုံက ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းခိုင်နဲ့  မြို့တော်ဆေးရုံက  ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်း အမျိုးသမီး ၂ ယောက်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်  နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့  မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့  စိန်ပန်းဆေးရုံတို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကစလို့  ယာယီပိတ်သိမ်းခိုင်းထားပြီး လုပ်ငန်းလိုင်စင်တွေ ဖျက်သိမ်းကြောင်းကိုပါ ထုတ်ပြန်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေဆီက သိရပါတယ်။

အခု ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မင်္ဂလာဆေးရုံကြီးကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရှယ်ယာရှင်တွေ အများဆုံး ပါဝင်ထားတာကြောင့် ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့တာလို့  အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းဟောင်းတယောက်ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024