Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး ပုသိမ်မြို့နယ် ပကဖထံ အလင်းဝင်
DVB
·
January 14, 2024
SAC transfer to PDF_14012024

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သားတယောက် အလင်းဝင်လာတယ်လို့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဆီကနေ သိရပါတယ်။

သထုံမြို့ စစ်ကောင်စီ ခမရ ၉ တပ်ရင်း၊ လေ့ကျင့်ရေး ၉ မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုသိမ်သားတယောက်ဟာ ဇန်နဝါရီလအတွင်းမှာ အလင်းဝင်ရောက်လာတာကြောင့် လွတ်မြောက်နယ်မြေကို လုံလုံခြုံခြုံပို့‌ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “သူက ပုသိမ်သားတဦးပါ။ ခမရ ၉ သထုံမှာ တာဝန်ကျရင်း ကျနော်တို့ ပုသိမ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ချိတ်ဆက်လာတဲ့အတွက် တာဝန်ယူ ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ သူ့နာမည်ကိုတော့ သူ့မိသားစုရဲ့ လုံခြုံရေးနဲ့ နောက်ပိုင်း သူ့ရပ်တည်မှုကြောင့်ပါ မဖော်ပြဖို့ တောင်းဆိုလို့ပါ။ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ နာမည်စာရင်း ပေးထားပါတယ်။ လက်နက်တော့ မပါပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းချင်ပြီး ကျနော်တို့လည်း နွေးထွေးစွာ ကြိုဆိုနေပါတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့နယ် ပကဖ က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဂုဏ်ပြုဆုငွေ ကျပ် ၃ သိန်းခွဲ ပေးခဲ့သလို လတ်တလော နေရေးထိုင်ရေး၊ စားသောက်‌ရေးနဲ့ တခြားလိုအပ်ချက်တွေကိုလည်း စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့၊ အနောက်တောင်‌တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်လက်နက် တပ်ဆင်ရေးတပ်ခွဲ ၄၄၄ က တပ်ကြပ်တယောက်ဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပုသိမ်မြို့နယ်ပကဖဆီ အလင်းဝင်ရောက်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပုသိမ်မြို့နယ်ပကဖဆီကို အလင်းဝင်လာတဲ့ ကာကွယ်ရေးနဲ့ ပြည်‌ထဲရေးဝန်ထမ်း ၈ ယောက်အထိ ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုသိမ်က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024