လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ညစ်ညမ်း တေးသီချင်း ဗွီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်ရင် အရေးယူသွားမယ်လို့ ဇန်နဝါရီ ၁၃ ရက်စွဲနဲ့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Tiktok, Messenger, Telegram တွေပေါ်မှာ အဖွဲ့ဝင်ကြေးတွေတောင်းခံပြီး ညစ်ညမ်းဗွီဒီယိုတွေ ဖြန့်ချိနေတာတွေ များလာလို့ အခုလို သတိပေးချက် တရပ်ကို ထုတ်ပြန် လိုက်ရတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ညစ်ညမ်းဗီဒီယိုတွေကို ထုတ်လွှင့်နေကြတဲ့သူတွေကလည်း သူတို့ထင်ပေါ် ကျော်ကြားဖို့အတွက်မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတူကြည့်ဖို့တောင် မသင့်လျော်တဲ့ ဟီရိသြတ္တပ္ပတရား ကင်းမဲ့တဲ့ တေးသီချင်း ဗွီဒီယိုတွေကို ရိုက်ကူးထုတ်လွှင့်နေကြတာတွေ တွေ့မြင်လာရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့ ညစ်ညမ်းပြောဆိုတာတွေ၊ ပြုမူလုပ်ဆောင်တာတွေ ပါဝင်တဲ့ ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေတယောက်က “တရားဥပဒေအရ ခွင့်မပြုတာကို လက်တလုံးကြား လှည့်ပြီးလုပ်တာက ဆက်သွယ်ရေးဥပဒေနဲ့လည်း ငြိသလို ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့လည်း ငြိပါတယ်။ အကျိုးဆက်က ဘာဖြစ်နိုင်လဲဆိုရင် လူကုန်ကူးတာတွေ၊ ပြည့်တန်ဆာအဖြစ် အလုပ်ခိုင်းစေတာတွေ အပြင် မုဒိမ်းမှုတွေလည်း ပိုပြီး ဖြစ်စေနိုင်တယ်” လို့ ပြောပါတယ်။
ညစ်ညမ်းဗွီဒီယို ရုပ်ပုံတွေ ထုတ်လွှင့်၊ ရောင်းချ၊ ဖြန့်ချိ၊ ငှားရမ်းခြင်းဆိုင်ရာဥပဒေ ရာဇသတ်ကြီးပုဒ်မ ၂၉၂ အရ ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။