Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၈ ဦးဖမ်းဆီးခံရ
DVB
·
January 14, 2024
Myanmar Workers Malaysia_14012024

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူပြည်နယ်နဲ့ ဆီလန်ဂါပြည်နယ်တို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၈ ယောက်ကို ဇန်နဝါရီ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားလူဝင်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်က နေရာ ၄ ခုမှာရှိတဲ့ တရုတ် စားသောက်‌ဆိုင်တန်းတွေကို  ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီက ဆီလန်ဂါ လူဝင်ကြီးကြပ်ရေးအရာရှိ ကန်နစ်တန်နဲ့ ၁၉ ဦးအဖွဲ့က ရှောင်တခင်ဝင်ရောက်ခဲ့ပြီး စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၆၅ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် အထောက်အထားစာရွက်စာတမ်းပါရှိတဲ့ ၂၂ ယောက်ကို ပြန်လွှတ်ပြီး  အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ အသက် ၁၇ နှစ်ကနေ ၄၇ နှစ်ကြား မြန်မာနိုင်ငံသား အမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၇ ယောက်၊ ထိုင်းနိုင်ငံသား ၂ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

ကွာလာလမ်ပူပြည်နယ်၊ ဘမ်ဆာမြို့မှာရှိတဲ့ ဗလီတခုမှာလည်း  တောင်းစားနေတဲ့ ‌နိုင်ငံခြားသားတွေကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၃ ယောက်တို့ကို ဇန်နဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်မှာ မလေး လူဝင်ကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဆီလန်ဂါပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၄၁ ယောက် နဲ့ ထိုင်းနိုင်ငံသား ၂ ယောက် တို့ကို အထောက်အထား စာရွက်စာတမ်းမပါရှိတာနဲ့ ခွင့်ပြုချက်မှုမရှိဘဲ အလုပ်လုပ်ကိုင်မှုတို့အတွက် တရားစွဲဆိုခဲ့ပြီး ကွာလာလမ်ပူမြို့မှာ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၇ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ယောက်တို့ကိုတော့ အထောက်အထား စာရွက်စာတမ်းမပါရှိဘဲ

နေထိုင်မှုအတွက် တရားစွဲဆိုခဲ့တယ်လို့ မလေးလူဝင်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်မှာ ဇန်နဝါရီ ၆ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက်ကို မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024