Home
မြန်မာသတင်း
မြနန္ဒာစစ်ဆင်ရေးက ရဲကင်းနှင့် ရဲစခန်းအချို့ကို တိုက်ခိုက်ခဲ့
DVB
·
January 13, 2024
war 1312024

မြနန္ဒာ စစ်ဆင်ရေး(မန္တလေး)အနေနဲ့ ရဲကင်း၊ ရဲစခန်းနဲ့ ပျူစောထီး စခန်းတခုကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီလောက်က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာကို အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး Drone တပ်ဖွဲ့နဲ့ အတူ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ Free Rangers (ဒီပဲယင်း)၊ တောကြီး‌မြွေပွေး၊ ဝက်လက်ခရိုင် တပ်ရင်း(၁၈) မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာက ပျူစောထီး ခေါင်းဆောင် လှမျိုးရဲ့ နေအိမ်မှာ ပျူတွေ စုနေတုန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရတာကို သတင်းအတည်ပြုနိုင်ခဲ့တယ်လို့ သိရပြီး အဲဒီ တိုက်ခိုက်မှုကိုတော့ မြနန္ဒာစစ်ဆင်ရေး ဒရုန်းတပ်ဖွဲ့နဲ့အတူ စဉ့်ကူးမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီအပြင် ဇန်နဝါရီ ၁၁ ရက်နေ့မှာလည်းပဲ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို မနက် ၁၀ နာရီခန့်လောက်ကစလို့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ဆင်ရေးကို မြနန္ဒာစစ်ဆင်ရေး ဒရုန်းတပ်ဖွဲ့နဲ့ အတူ Free Rangers (ဒီပဲယင်း)၊ စဉ့်ကူးမြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ဧရာဝတီမြစ်ကြောင်းအတွင်း သံခွန်ရေယာဉ်နဲ့ သွားလာကာ ကမ်းဘက်ကို သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေသလို ရွှေပြည်နဲ့ ရွာသာယာကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပျူစောထီးတွေက ဒရုန်းနဲ့ ကျေးရွာတွေကို ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး ဒေသခံတချို့ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မြနန္ဒာ စစ်ဆင်ရေး(မန္တလေး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024