Home
မြန်မာသတင်း
ရပ်ထားသည့်ကားအောက် ဝင်အိပ်သည့် ကားဆရာ ကားကြိတ်ခံရပြီး သေဆုံး
DVB
·
January 13, 2024
Acc 1312024

အုတ်တွင်းမြို့နယ်ထဲက  OK စက်သုံးဆီဆိုင်ဝင်းထဲမှာ ဇန်နဝါရီ ၁၃ ရက် ဒီနေ့ မနက်က ရပ်ထားတဲ့ ကားကို နောက်ကားတစီးက ဝင်တိုက်မိလို့ ကားအောက်ဝင်အိပ်နေတဲ့ ကားဆရာ ကြိတ်ခံရပြီး သေဆုံးသွားပါတယ်။

တင်းငုတ်ပင် လျှပ်စစ်ဓာတ်အားပေးရုံအနီး၊ OK စက်သုံးဆီဆိုင်ဝင်းထဲမှာ ဒီမနက် ၅ နာရီလောက်က ၂၂ ဘီးကားကနောက်ဆုတ်ရင်း ရပ်ထားတဲ့  Hyundai ကားရဲ့ ခေါင်းပိုင်းကို တိုက်မိပြီး Hyundai ကား လိမ့်ဆင်းသွားတာကြောင့်  ကားအောက်မှာ  ဝင်အိပ်နေတဲ့ ကားဆရာဟာ  ကားကြိတ်ခံလိုက်ရတာပါ။

ပါဝင်ကူညီခဲ့တဲ့ ပရဟိတသမားတယောက်က “ကုန်ကားတွေ အများစုက OK ဆီဆိုင်မှာ   ညအိပ်နားကြတာ များပါတယ်။ အခု သေဆုံးတဲ့ ကားဆရာကလည်း  သူ့ကားအောက်မှာ စောင်ခြုံပြီး အိပ်နေတာ။ မနက်အစောထွက်မယ့်တွဲကားက  စပယ်ယာမပါဘဲ နောက်ဆုတ်နေရင်းကနေ Hyundai ခေါင်းပိုင်းကို ဝင်တိုက်တာ။ အဲ့မှာ  ကားက လိမ့်ပြီး ခေါင်းကို တက်ကြိတ်မိတာ။ ကိုယ့်ကားက ကိုယ့်ပြန်ကြိတ်မိတာပေါ့ အဖြစ်ဆိုးပါတယ်ဗျာ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့်  အသက် ၄၀ ဝန်းကျင်ရှိ Hyundai ကားဆရာဟာ ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့  နေရာမှာပင် သေဆုံးသွားခဲ့တာကြောင့် မိသားစုနဲ့ ဆက်သွယ်ဆောင်ရွက်ထားပြီး ရုပ်အလောင်းကို အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024