ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲ မရှိတော့တာကြောင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ နမ့်တစ်မြို့မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတာကို လာမယ့် ဇန်နဝါရီ ၁၅ ရက်က စတင်ရပ်ဆိုင်းသွားမယ်လို့ ‘ဝ’ ပြည်နယ် အထူးဒေသ၊ ၁၀၂၇ စစ်ဆင်ရေးအဖွဲ့၊ အရေးပေါ်ဦးစီးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ဒေသမှာ စစ်ပွဲတွေ ပြီးဆုံးသွားပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာနေပြီဖြစ်လို့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း၊ နေရပ်ပြန်လိုနေပြီဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ နေရပ်ဒေသကို ပြန်နိုင်ပြီဖြစ်ကြောင်း တရားဝင် အသိပေးကြောင်း အဲဒီ အသိပေးကြေညာစာမှာ ဖော်ပြထားပါတယ်။
လာမယ့် ဇန်နဝါရီ ၁၅ ရက်ကစပြီး အကူအညီပေးတာတွေ ရပ်ဆိုင်းသွားမှာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ကောင်းမွန်စွာ ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို ပံ့ပိုးကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကိုးကန့်ဒေသက ‘ဝ’ အထူးဒေသ နမ့်တစ်မြို့ဘက် ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီအနေနဲ့ ၁၀၂၇ အရေးပေါ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဘေးဒုက္ခသည်တွေကို အစားအသောက်၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးဝါးတွေကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့် အခမဲ့ ကူညီ ပံ့ပိုးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ကိုးကန့်ဒေသက ရွှေ့ပြောင်းလုပ်သား ၄ သောင်းခန့် နမ့်တစ်မြို့ကတဆင့် နေရပ်ပြန်ပို့ပြီးနောက် စစ်ရှောင်ပြည်သူထောင်ချီ အဲဒီ နမ့်တစ် စစ်ရှောင်စခန်းမှာ ရှိနေသေးကြောင်း နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ခန့်မှန်းပြောပြချက်အရ သိရပါတယ်။