Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကုန်းလမ်း၊ ရေလမ်း စစ်ဆေးရေး တင်းကျပ်
DVB
·
January 12, 2024
check 1212024

ဧရာဝတီတိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေကို  PDF တွေက သယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ ကုန်းလမ်း၊ ရေလမ်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက တင်းကျပ်စွာ စစ်ဆေးနေတာကြောင့် အခက်အခဲဖြစ်တယ်လို့ ဒေသခံခရီးသွား တွေက ပြောပါတယ်။

ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ PDF တွေ  ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် ဧရာဝတီတိုင်းထဲက ကုန်းလမ်း အဝင်အထွက် ဂိတ်တွေ၊ သင်္ဘောဆိပ်တွေမှာ ဇန်နဝါရီ ၁၁ ရက်ကစပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေနဲ့ ရေယာဉ်တွေကို စစ်ကောင်စီရဲတပ်ဖွဲ့၊ စစ်တပ် ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သတင်းအရ စစ်ဆေးရတာ ကြည်ကြည်ဖြူဖြူ လက်ခံပါ ပြောစစ်တယ်။ ဖောက်ခွဲရေးသမားတွေ၊ အကြမ်းဖက်တွေ ဝင်လာတယ်လို့ သတင်းရလို့ စစ်တာဆိုပြီး ပြောစစ်တယ်။ တချို့က အော်ဟစ်ပြီး တာဝန်အရ စစ်ဆေးတာ။ ဘယ်သူမှ စောက်ဂရု မစိုက်ဘူးကွာဆိုပြီး ပြောစစ်တဲ့နေရာတွေလည်း ရှိတယ်။ မနေ့ကနဲ့ ဒီနေ့တွေမှာ ရဲနဲ့ စစ်တပ်ပါတဲ့ အဖွဲ့က စစ်ဆေးနေတာ၊ ယာဉ်တစီးကို မိနစ် ၃၀ လောက် စစ်တယ်။ ဒီလောက်အထိစစ်တော့ အချိန်ကြန့်ကြာမှုတွေရှိတယ်။ အလုပ်သွားရတာ နောက်ကျပြီး အခက်အခဲ ဖြစ်တာပေါ့။ လက်နက်တွေပါလာတာ ရှိ၊ မရှိကို အဓိကထား စစ်ဆေးတာ တွေ့ရတယ်။ သုံးနှစ်ထဲရောက်လာပြီ၊ တရက်လေးမှ အလုပ်ကောင်းကောင်းကို မလုပ်ရဘူး။”

ရေလမ်းခရီးစဉ်တွေမှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ရေလုပ်ငန်းလုပ်သူတွေ အခက်အခဲတွေရှိနေပြီး အလုပ်ကောင်းကောင်းလုပ်ရတဲ့ရက် မရှိလို့ စားဝတ်နေရေးတွေကအစ အခက်အခက်တွေ ရှိနေတယ်လို့ မအူပင်မြို့နယ်က ရေလုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။

“အလုပ်ကောင်းကောင်းလုပ်ရတယ်ကို မရှိတာ။ ဒီကနေ့ ငါးထွက်ဖမ်း၊ သူတို့က ငါးဖမ်းတာ ခေတ္တရပ်ပေးပါတဲ့။ လုံခြုံရေးကြောင့် PDF တွေကို ဖမ်းဖို့ ရှိလို့၊ စစ်ဆေးဖို့ရှိလို့ ပြောတယ်။ တခါ တရက်နားရပြန်တယ်။ ကိုယ်က တနေ့လုပ် တနေ့စားနေ၊ အလုပ်မလုပ်ရတော့ ငတ်တော့မယ်။ ဒီလိုနဲ့ တရက်နား တရက်နားနဲ့ အခု ၂ ရက်အထိရှိနေပြီ နားနေရတာ။ ကိုယ်က ဘာမှ မလုပ်ထားပေမဲ့ အလုပ်နဲ့ အပြင်သွားတာနဲ့ စစ်ဆေးနေလို့ အလုပ်ဆီ ၃ နာရီလောက် နောက်ကျမှ ရောက်တယ်။ PDF က ဘယ်မှာလဲ မသိဘူး၊ ပြည်သူတွေက ဒုက္ခရောက်နေတယ်။”

ဧရာဝတီတိုင်းထဲက ပုသိမ်၊ မြန်အောင်၊ အင်္ဂပူ၊ မအူပင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ကန်ကြီးထောင့်၊ ညောင်တုန်း၊ ဘိုကလေး၊ ပန်းတနော်၊ ကြံခင်း၊ ဝါးခယ်မ စတဲ့မြို့နယ်တွေမှာ အများဆုံး စစ်ဆေးနေတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024