Home
မြန်မာသတင်း
ချင်းမိုင်မြို့တွင် ကျင်းပသည့် လားဟူနှစ်သစ်ကူးပွဲ ထိုင်းဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
နော်နိုရင်း
·
January 12, 2024
ThaiPM_12012024

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ လားဟူနှစ်သစ်ကူးပွဲတော်ကို ကျင်းပနေပြီး  ဒုတိယနေ့မှာတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာထဝီးဆင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ လားဟူတိုင်းရင်းသားတွေ ချစ်ခင်စည်းလုံးညီညွတ်စွာ မိမိယဉ်ကျေးမှုထုံးတမ်းစဉ်လာကို ဝိုင်းဝန်းထိန်းသိမ်းကြတာ တွေ့ရတဲ့အတွက် ချီးမွှမ်းအားပေးကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း  တိုင်းရင်းသားတိုင်း မိမိယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့  လူမျိုး၊ ဘာသာ၊ နေရာဒေသမခွဲခြား ထောက်ပံ့အားပေးမှာဖြစ်တယ်၊  လူမျိုးတိုင်း မိမိရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စိုးရိမ်ပူပန်မှုတွေကင်းစင်အောင် အခွင့်အလမ်းဖွင့်ပေးမယ်၊ ထိုင်းမှာမွေးဖွားတဲ့ တိုင်းရင်းသားတိုင်း ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်တွေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဆေထာထဝီးဆင်က “အခွင့်အလမ်းဆိုတာ မိမိတို့ရဲ့ အနာဂတ်ဖြစ်တယ်။ ဒီမှာရောက်ရှိနေသူတွေအားလုံး အစိုးရအနေနဲ့ တရားမျှတမှုဆောင်ရွက်ပေးမယ်။ အဲဒါကတော့  မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိသားသမီးတွေသော်လည်းကောင်း ထိုင်းနိုင်ငံမှာမွေးဖွားကြောင်း စိစစ်ပြီးပြီဆိုရင် ပညာရေး၊ ကျန်းမာရေး စတဲ့အခြေခံအခွင့်အရေးနဲ့ အခြားအခွင့်အရေးတွေ ရရှိစေဖို့ လူတိုင်း နိုင်ငံသားလျှောက်ထားခွင့် ပြုမှာဖြစ်တယ်၊  အားလုံးကို အခွင့်အလမ်းဖွင့်ပေးမယ်ဆိုတာ ကျနော် ကတိပြုပါတယ်” လို့ ပြောပါတယ်။

ချင်းမိုင်မြို့ Payah တက္ကသိုလ်ဝင်းအတွင်း ဇန်နဝါရီ ၁၁ ကနေ ၁၃ ရက်အထိ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ လားဟူနှစ်သစ်ကူးပွဲတော်မှာ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နန်၊ အမေရိကန် နဲ့ ဩစတြေးလျနိုင်ငံက လားဟူတိုင်းရင်းသားတွေ လာရောက်စုရုံးပြီး ကျင်းပခဲ့တာပါ။

ပွဲကျင်းပရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ သိက္ခာတော်ရဆရာတော် ဦးကျာမူးက ဒီပွဲဖြစ်မြှောက်လာဖို့  ၃ နှစ်အချိန်ယူပြီး ပြင်ဆင်ခဲ့ရကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတကာ လားဟူတွေစုပေါင်းပြီး ဒီလိုပွဲအစီစဉ်ဖြစ်ပေါ်ရတာက လွန်ခဲ့တဲ့ ၃ နှစ်ကတည်း ကျနော်တို့ ကော်မတီဖွဲ့ပြီးတော့ ကြိုးစားလုပ်ကိုင်လာပါတယ်။ အခုလာတဲ့ တိုင်းပြည်ကတော့ ၇ နိုင်ငံရှိတယ်။ အမေရိကန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ တရုတ်၊ မြန်မာ၊ ထိုင်းပေါ့လေ။ ကျနော်တို့ လူပေါင်းကတော့ ၄ ထောင်၊ ၅ ထောင်ကြားမှာရှိပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်ပါ တက်ရောက်ပြီးတော့ ကျနော်တို့ လားဟူတိုင်းရင်းသား တောင်ပေါ်သားတွေကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ ပါဝင်ချီးမြှင့်ပေးတာ ကျနော်သိပ်ပျော်တယ်။”

ဒီပွဲမှာ လားဟူလူမျိုး ၅၀၀၀ လောက် လာရောက်ပါဝင်ဆင်နွှဲကြသလို  မြန်မာနိုင်ငံ  မြန်မာနိုင်ငံက ရန်ကုန်အပါအဝင်  ရှမ်းပြည်နယ် လာရှိုး၊ တာလေမြို့က လားဟူလူမျိုးအများပြား လာရောက်ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

တာချီလိတ်မြို့ကနေ လာရောက်ပါဝင်ဆင်နွှဲတဲ့ ဒေါ်နားမီးရှဲက  “ကျမတို့က တာချီလိတ်မှာ နေပါတယ်။ ဒီလားဟူနှစ်သစ်ကူးပွဲတော်က နိုင်ငံပေါင်းစုံမှာရှိတဲ့ လားဟူတိုင်းရင်းသားများ လာရောက်စုပေါင်းပြီးတော့ ပွဲတော်လုပ်ခြင်းဖြစ်ပါတယ်။ ဒီမှာလာပြီးတော့ နိုင်ငံပေါင်းစုံက လားဟူတိုင်းရင်းသားများလာစုစည်းပြီးတော့ အတူတကွပွဲတော် ကျင်းပရခြင်းကြောင့် အလွန်ပဲ ဝမ်းသာပီတိဖြစ်နေပါတယ်။ ပျော်လည်းပျော်တယ်။ လားဟူလူမျိုးဟာ ၃၀ ကျော်ရှိတယ်။ ဒီမှာ လားဟူအမျိုးမျိုးကိုတွေ့ရတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။  

အလားတူ လားဟူလူငယ်တဦးကလည်း “ဘယ်လိုခံစားရလဲဆိုတော့ အရမ်းပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လားဟူတိုင်းရင်းသား၊ လားဟူမျိုးနွယ်စုအများကြီး တွေ့ရတော့ အရမ်းပျော်ပါတယ်။

လားဟူတိုင်းရင်းသားတွေရဲ့ တနှစ်တာ ရာသီကာလအတွင်း ကျင်းပတဲ့ ပွဲတော်တွေထဲမှာ စုပေါင်း နှစ်သစ်ကူးပွဲတော်ဟာ အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံး ပွဲတော်တခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024