ဖင်လန်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ သူ့နိုင်ငံနယ်စပ် ပိတ်ထားမှုကို ဖေဖော်ဝါရီ ၁၁ ရက်အထိ ၄ ပတ်ကြာ သက်တမ်းထပ်တိုးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားလိုက်ပြီး နယ်စပ်ဖြတ်ကျော်မှုအားလုံးကို ပိတ်ထားမြဲအတိုင်း ဆက်ပိတ်ထားမယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုခဲ့ပါတယ်။
ဇန်နဝါရီ ၁၅ ရက်မှာ ပြန်ဖွင့်လှစ်ဖို့ သတ်မှတ်ထားတဲ့ နယ်စပ်ဂိတ်ကို ဆက်ပိတ်ထားဦးမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မာရီ ရန်တနန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖင်လန်နိုင်ငံဟာ ခိုလှုံခွင့်ရှာဖွေသူတွေ တိုးပွားလာမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက ရုရှားနဲ့ သူ့နယ်စပ်ကို ပိတ်ချထားခဲ့တာပါ။
ခိုလှုံခွင့်တောင်းခံသူတွေ များပြားလာမှုရဲ့ နောက်ကွယ်မှာ မော်စကိုရဲ့ ကြံစည်လှည့်ဖြားမှု ရှိနေတယ်လို့ ဖင်လန်က စွပ်စွဲထားပြီး ဒီပြောဆိုချက်ကို ကရင်မလင်က ငြင်းဆိုထားပါတယ်။
နိုဝင်ဘာလတုန်းက ကင်ညာ၊ မော်ရိုကို၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ ယီမင် စတဲ့နိုင်ငံတွေက ခိုလှုံခွင့်တောင်းခံသူ အယောက် ၉၀၀ လောက်ဟာ ရုရှားနိုင်ငံကနေ ဖင်လန်ကို ဝင်ရောက်လာခဲ့ပြီး အရင်က တရက်ကို ခိုလှုံခွင့်တောင်းခံသူ တယောက်လောက်တောင် မရှိခဲ့တာကနေ ရုတ်တရက် များပြားလာခဲ့တာဖြစ်ကြောင်း ဖင်လန်နယ်ခြားစောင့်တပ်ရဲ့ အဆိုအရ သိရပါတယ်။
ဒီဇင်ဘာလတုန်းက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၂ ခုကို ခဏလောက်ပြန်ဖွင့်ခဲ့ချိန်မှာ ၂ ရက်အတွင်းမှာ ခိုလှုံခွင့်တောင်းခံသူ အယောက် ၃၀၀ ကျော်လောက်ဟာ ရုရှားနိုင်ငံမှ ဝင်ရောက်လာခဲ့ကြောင်း ဖင်လန်နယ်ခြားစောင့်တပ်က ပြောကြားခဲ့ပြီး အဲဒီနောက် နယ်စပ်တခုလုံးကို နောက်ထပ် တလ ပိတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။
Source/Photo-Reuters