နိုင်ငံခြားဝင်ငွေရပေါက်ရလမ်း ရှားပါးလာတဲ့ စစ်ကောင်စီက ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်တို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန်ကောက်ခံမယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ကြေညာပါတယ်။
အဆိုပါနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင် အမျိုးအစားအလိုက် ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ကြေညာထားတာပါ။
နိုင်ငံအလိုက်၊ အလုပ်အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရမယ့် လစာဝင်ငွေ သတ်မှတ်ချက်တွေကိုလည်း အသိပေး ဖော်ပြထားပါတယ်။
အဆိုပါနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဝင်ငွေခွန်ကင်းရှင်းကြောင်း အထောက်အထား မပြသနိုင်ပါက သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ ပျက်စီး၊ ပျောက်ဆုံးလို့ အသစ်လျှောက်ထားတာ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားတာ စတဲ့ ကောင်စစ်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီဘက်က အကျပ်ကိုင်ထားပါတယ်။
ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံအကြား အခွန်နှစ်ထပ် ကျသင့်မှု မရှိစေရေး သဘောတူစာချုပ်အရ ဗြိတိန်နိုင်ငံမှာ အခွန်ဆောင်ထားကြောင်း အထောက်အထား ပြသနိုင်ပါက ဝင်ငွေခွန်ထပ်ဆောင်ဖို့ မလိုအပ်ကြောင်း အသိပေးထားပါတယ်။
ဒါပေမဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထား ပြသနိုင်ခြင်းမရှိပါက ဒါမှမဟုတ် ဝင်ငွေခွန် ထမ်းဆောင်ရမယ့် လစာပမာဏအောက် လျော့နည်းရရှိပါက ရရှိတဲ့လစာရဲ့ ၂ ရာခိုင်နှုန်းကို လစဉ် ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီဟာ ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်ကစတင်ပြီး အခွန်ကောက်ခံဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့လည်း အခွန်မဆောင်ပါက နိုင်ငံကူးလက်မှတ် သတ်တမ်းတိုးမပေးတဲ့အတွက် မဖြစ်မနေ ပေးဆောင်နေရတာ ဖြစ်ပါတယ်။