Home
မြန်မာသတင်း
ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄၀၀ ကျော်ကို ပြန်ပို့ခဲ့ဟု အိန္ဒိယစစ်တပ် အကြီးအကဲ ပြော
DVB
·
January 12, 2024
sold 1212024

ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း  ၄၁၆ ဦး  အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးလာကြပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့  အိန္ဒိယ တပ်မတော်အကြီးအကဲက ပြောပါတယ်။

အိန္ဒိယတပ်မတော်နေ့မတိုင်ခင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ  အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မန်နုဂျ်ပန်ဒေးက ပြောကြားခဲ့တာဖြစ်ပြီး အိန္ဒိယ မြန်မာနယ်စပ်တလျှောက်က အခြေအနေကို  အနီးကပ်စောင့်ကြည့်‌တယ်လို့လည်း ပြောတဲ့ အကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း အိန္ဒိယနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်  ထွက်ပြေးခဲ့ကြပြီး အိန္ဒိယဘက်ကလည်း ရက်အနည်းငယ် ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က  ပလက်ဝဒေသရှိ စစ်ကောင်စီရဲ့ ပွိုင့် (၃၇၇)စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဟာ အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားခဲ့ပြီး စစ်ကောင်စီလေတပ်က သွားပြန်ခေါ်ခဲ့ရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို  အိန္ဒိယဘက်က ပြန်လည် ပို့ဆောင်ပေးနေတာတွေကို အပြင်းအထန်ကန့်ကွက်ပြီး ဒါဟာ စစ်ကောင်စီကို တဖက်တလမ်း ကနေ အင်အားပြန်စုပေးရာ ရောက်နေတယ်လို့ India For Myanmar  အဖွဲ့က ဆလိုင်းဒိုခါရ်က ဒီဗွီဘီကို ပြောပါတယ်။

“အင်အားတွေက စနစ်တကျ သင်တန်းပေးထားပြီးသားသူတွေ ဖြစ်တဲ့အခါကျ ဒီအင်အားကို ပြန်ပို့တဲ့အခါမှာ စစ်ကောင်စီက အင်အားလိုနေတဲ့အချိန်ဆိုတော့ ဘယ်တော့မှ အရေးလည်း ယူမှာမဟုတ်ဘူး။ ပြန်သုံးမယ့်အနေအထားလည်းရှိနေတာပေါ့။ ဒီဟာက အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို လူစုပေးတဲ့ နည်းနာတခုပဲဆိုတော့ အပြင်းအထန်ကန့်ကွက်တာပါ။”

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပြီး တပ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသမှာလည်း လက်နက်ချခဲ့တဲ့ တပ်သားတွေကို ပြန် အသုံးချနေတာတွေ ရှိတယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။

စစ်ကောင်စီမှာ ရင်ဆိုင်ထားရတဲ့ စစ်မျက်နှာများနေပြီး အင်အားမရှိတဲ့အတွက် ထွက်ပြေးပြီး ပြန်ရောက်လာသူတွေကို စစ်မြေပြင်မှာ ပြန်သုံးမှာပဲလို့  CDMဗိုလ်ကြီးဇင်ယော်က  ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကလည်း သုံးခဲ့တာတွေရှိတယ်။ အခုက ဒီလူတွေမှ မသုံးရင် သူတို့မှာ သုံးစရာလူက မရှိတော့ဘူး။ အဲ့ဒါကြောင့် သူတို့မှာ စစ်ဆင်ရေးမှာ ရှုံးနိမ့်ပြီး သူတို့ပြောရရင်တော့ ခွာစစ်ပေါ့။ ခွာစစ်ဆင်ရသူတွေကို အရေးမယူနိုင်ဘဲ ပြန်သုံးနေရတယ်ဆိုတဲ့ အနေအထားကို တွေ့ရပါတယ်။ တခြားထုတ်နှုတ်စရာ အင်အားလည်းမရှိဘူး။ ရင်ဆိုင်ထားရတဲ့ စစ်မျက်နှာက များနေတယ်။ ပြာယာခတ်နေတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။”

စစ်ကောင်စီတပ်သားတွေဟာ အရင်ရိခေါဒါ တိုက်ပွဲ၊ သီဘွားနဲ့ လိုင်လင်းပီတိုက်ပွဲတွေတုန်းကလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အိန္ဒိယဘက်ကလည်း မိုရေး-တမူးဒေသဘက်ကသာမက လေကြောင်းကနေပါ  မြန်မာဘက်ကို ပြန်ပို့ခဲ့တာရှိတယ်လို့   ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024