ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပြီး လက်နက်ကျည်တွေ ရပ်ထဲရွာထဲကျ ရောက်တာကြောင့် အရပ်သားတွေ ကျည်ထိမှန်ဒဏ်ရာရတာနဲ့ လူနေအိမ်၊ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးတာ ရှိနေပါတယ်။
ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက မိုးမိတ်မြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ အုန်းကြောရွာသစ်နဲ့ ရွာဟောင်းအနီးမှာ တိုက်ပွဲဖြစ်ပြီး အုန်းကြောရွာဟောင်းက နေအိမ် ၄ လုံးနဲ့ ရွာဦးကျောင်း လက်နက်ကြီး ထိမှန်ပျက်စီးသွားသလို လူငယ် တယောက်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့တုန်းက နေ့လယ် ၁၂ နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ ပစ်ခတ်ကြတယ်ခင်ဗျ။ အုန်းကြောရွာဟောင်းထဲ လက်နက်ကြီးကျတာ နေအိမ် ၄ လုံးပျက်စီးသွားတယ်။ အများအားဖြင့် ခြေတံရှည်ပျဉ်ထောင်အိမ်တွေပါ၊ အိမ်နံရံတွေ ပေါက်ကုန်တယ်၊ ခေါင်မိုးတွေ ပွင့်ထွက်တယ်။ အုန်းကြောရွာဦးကျောင်း ခေါင်မိုးနဲ့ဇရပ်ဆောင်တွေလည်း ပျက်စီးပါတယ်။ အသက် ၂၀ လောက်ရှိတဲ့လူငယ် ၁ ဦးက ကျည်ဆန်က သူ့ရဲ့ ညာဘက်နားရွက်ကို ရှပ်မှန်သွားတယ်။”
ပစ်ခတ်မှုတွေကြောင့် ရွာသားတွေ ထိတ်လန့်ပြီး တခြားရွာ ရှိဆွေမျိုးနီးစပ်တွေရှိရာ သွားရောက် ခိုလှုံနေကြောင်း၊ ဒဏ်ရာရလူငယ်မှာလည်း မိုးမိတ်ဆေးရုံမှာ ဆရာဝန်ဆရာမတွေမရှိတော့လို့ သပိတ်ကျင်းဆေးရုံကို သွားပို့ထားရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ၄ မိုင်နဲ့ အုန်းကြောရွာသစ်အထွက် တံတားနဲ့ လျှပ်စစ်စီမံကိန်းရုံးပေါက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စင့်ကင်ရွာနဲ့ မန်ဖွယ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ မိုင်းဖုန်းဆရာတော်တည်ထားတဲ့ စေတီ၊ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီကနေ့မနက်မှာတော့ ပစ်ခတ်သံတွေ ငြိမ်နေပေမယ့် စိတ်မချရသေးကြောင်း၊ မိုးမိတ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ PSLF/TNLA တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတာ တစ်ပတ်လောက်ရှိပြီး ညတိုင်းလို ပစ်ခတ်သံတွေကြားနေရတာကြောင့် မိုးမိတ်မြို့နေပြည်သူရဲ့ ၇၀ ရာခိုင်နှုန်လောက် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံကဆိုပါတယ်။
စစ်ဘေးရှောင်ရသူတွေထဲမှာ မိုးမိတ်ပြည်သူ့ဆေးရုံက ဆရာဝန်ဆရာမ ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်း၊ ရုံးဝန်ထမ်းအသီးသီးတွေပါ ပါလို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။