ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေ ရောက်တဲ့နေရာမှာ ရပ်ပြီး ယာယီအပစ်ရပ်ကြဖို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးမှုအရ သဘောတူခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ်ဆွေးနွေးပွဲဟာ အပစ်ရပ်ကြဖို့အရေး အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နယ်မြေပိုင်းခြား သတ်မှတ်ရေးအထိ မလုပ်နိုင်ခဲ့သေးပေမဲ့ နှစ်ဖက်တပ်တွေဟာ ရောက်တဲ့နေရာမှာ ရပ်ပြီး ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာပါ။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်စခန်းတွေ မြို့သိမ်းတာတွေကို ဆက်မလုပ်ဖို့နဲ့ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာတွေ မလုပ်ဖို့အပြင် စစ်ဆင်ရေး အပြန်အလှန်မလုပ်ကြဖို့လည်း ပါရှိပါတယ်။
အခုဆွေးနွေးပွဲမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ဖို့ သဘောတူခဲ့ကြပေမဲ့ လက်တွေ့ ဖွင့်လှစ်မယ့် စီမံချက်အသေးစိတ်ကိုတော့ တရုတ်အစိုးရ၊ စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြန်လည် ဆွေးနွေးပြီးမှ ဖွင့်လှစ်သွားဖို့ကို လည်း သဘောတူခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံဘက်က တရုတ်အထူးကိုယ်စားလှယ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)မှ ဒုဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ အဖွဲ့ဝင် ၅ ယောက် တက်ရောက်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်ကတော့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ကိုးကန့်တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့၊ ရက္ခိုင့်တပ်တော် (AA)မှ ဒေါက်တာညိုထွန်းအောင်နဲ့အဖွဲ့ဝင် ၇ ယောက်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ ဗိုလ်မှူးချုပ် တားဘုန်းကျော်နဲ့ အဖွဲ့ဝင် ၇ ယောက်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ဖမ်းဆီးရေး အကြောင်းပြချက်နဲ့ နယ်မြေတွေပြန်လည်ရရှိရေး ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်း ၃ ဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။