ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်က ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီလောက်က တပ်မတော်(ရေ)က ဟိုင်းကြီးကျွန်းမြို့ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်မှာ ရန်လင်းကျော် ၄ အမည်ရှိ စက်လှေကို စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါစက်လှေပေါ်မှာ အောင်သိန်း (ခ) ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နဲ့ ဖိုးလပြည့်တို့ ၄ ဦးနဲ့ အတူ ကာလတန်ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့သလို ဇန်နဝါရီ ၇ ရက် ညပိုင်းမှာလည်း မူးယစ်ဆေးသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ စိုးကျော် (ခ) စိုးစိုးကျော်ကို ကော့သောင်းဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေကို ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး အဲဒီကတဆင့် ပြည်ပကို ဆက်လက်ပို့ဆောင်ဖို့ဖြစ်ကြောင်းနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ ချစ်ထူးနိုင် (ခ) ဆရာချစ်နဲ့ ကျော်ဇင်ဦးတို့ အပါအဝင် ၇ ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။
Photo-CCDAC MYANMAR