ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနဲ့ ရွာတောင်ဘက်ရှိ သရက်အုပ်အတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်အား ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီလောက် သွားရောက်တိုက်ခိုက်ခဲ့ရာမှ ၂ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦး ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် PDF၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဇန်နဝါရီ ၁၀ ရက် မနက် ၁၀ နာရီ၊ မိနစ် ၂၀ လောက်မှာတော့ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရေတာရှည်မြို့နယ် သဖန်းဇင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆွာမြို့၊ အမှတ် (၁၉) ခြေမြန်တပ်ရင်းနဲ့ ရွှေကဇောင်းကျေးရွာတို့ကနေ ပစ်ခတ်တဲ့ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် ဒေါ်အေးမြင့် သေဆုံးကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။