Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး၊ ရွာငံပျူစောထီး ၁ ဦး ပစ်သတ်ခံရ
DVB
·
January 11, 2024
mine 11102024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုရှိ ခုံမော်ရွာနဲ့ တဂံတောင်ပုကျေးရွာကြားကို စစ်ကောင်စီအင်အား ၇၀ ကျော်ပါ ခြေလျင်စစ်ကြောင်းရောက်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ချက်ချင်း ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ကျွန်းစုပကဖရဲ့ သတင်းနဲ့ပြန်ကြားရေးက “သူတို့ကတော့ ဒီလမ်းပိုင်းကို အသုံးပြုပြီးတော့ စစ်ကြောင်းထိုးတဲ့ပုံစံမျိုး တက်လာပေါ့။ တက်လာပြီးတော့ ပြန်အဆင်းမှာ မိုင်းဆွဲတယ်။ မြေပြင်က ပေးပို့တာကတော့ သူတို့ဘက်က အယောက် ၂၀ လောက် ဒဏ်ရာရတယ်လို့ ကြားရတယ်။ အတိအကျမသိတော့ ဘယ်နှဦး ဒဏ်ရာရတယ် မထုတ်ပြန်တာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေ ထုတ်ပြန်ထားတာ တွေ့ရပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးဘက်က ပြန်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

“လက်နက်ကြီးက ရမ်းသန်းပစ်ခတ်တာတော့ ရှိခဲ့တယ်။ ဒီစစ်ကြောင်းကတော့ မြိတ်ဘက်ကို ပြန်ဆုတ်ခွာသွားပါပြီ။ ဒေသခံတွေကို ဖမ်းဆီးသွားတာမျိုးတော့ မရှိဘူး” လို့ ဆက်ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်တာကို ကျွန်းစုမြို့နယ် ပကဖတပ်ဖွဲ့၊ တောပုန်းကြီးတပ်ဖွဲ့၊ ပုလောမြို့နယ်ပကဖနဲ့ တနင်္သာရီတိုင်း လုံခြုံရေးပကဖတွေကနေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် လမ်းပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာမှာ အမှတ် ၅၀၉ တပ်က သင်တန်းဆင်းထားတဲ့ ပျူစောထီးတဦးကို ရွာငံ-PDF နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီလောက်က ရပ်စောက်မြို့ ဗထူးတပ် အမှတ် ၅၀၉ ခြေမြန်တပ်ရင်းက သင်တန်းဆင်းထားတဲ့ ဦးကျော်မဲ ဆိုသူကို သူနေထိုင်ရာ တောင်ကြားကျေးရွာနေအိမ်မှာ အနားယူနေစဉ် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ယူနီဖောင်း၊ AK ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ဂျိုးဖြူ-JPRF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတဦးက “သူ့လုပ်ရပ်ကို တရွာလုံးက မကြိုက်ဘူး။ သူက စစ်(--) တွေကိုလည်း ရွာထဲခေါ်လာတယ်။ စစ်ကြောင်းထိုးရင် သူက လမ်းပြပေးပြီး ရွာထဲမှာရှိတဲ့ PDF နေအိမ်တွေကို လိုက်ပြတယ်၊ မီးရှို့ဖျက်ဆီးတယ်” လို့ ပြောပါတယ်။

ဦးကျော်မဲဟာ ရွာငံမြို့နဲ့ ပင်းတယမြို့နယ်တို့မှာ ပျူစောထီးသင်တန်းတွေ လိုက်ပေးနေသူဖြစ်ပြီး ကျေးရွာတွေမှာလည်း ပျူစောထီးတွေ စုဆောင်းပေးလျက်ရှိကာ တပ်မ ၅၅ ဘက်တံဆိပ်နဲ့ စစ်ကြောင်းမှာ လိုက်လံပါဝင်နေရာက နေအိမ်ပြန်နားချိန်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာလို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို ရွာငံ-PDF၊ ဂျိုးဖြူ-JPRF တပ်ခွဲ ၃ နဲ့ မှော်ဘုရင်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး JPRF တပ်ဖွဲ့အနေနဲ့ ရွာငံမြို့ကို ပြန်လည်အခြေချကာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ရေးအရှိန် မြှင့်တင်သွားမယ်လို့ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024