ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စုထဲမှာ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီတပ်တွေနဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျကာ ကျောင်းအဆောက်အဦတွေပါ ပျက်စီးခဲ့ပါတယ်။
မနေ့မနက် ၉ နာရီခွဲလောက်ကနေ ညနေ ၅ နာရီထိ ပစ်ခတ်သံတွေကြားနေရပြီး မိုးတေအုပ်စု ပန်နေကျေးရွာက ကံ့ကော်ရိပ်ကျောင်းဝင်းထဲကို လက်နက်ကျည် ၂၀ ကျော် ကျရောက်ခဲ့တယ်လို့ ဒေသခံ တဦးကပြောပါတယ်။
“မနေ့က ကျောင်းဝင်းထဲကို လက်နက်ကျည်တွေ အလုံး ၂၀ ကျော်ကျတယ်။ ကျောင်းပြင်ဘက်မှာလည်း ၇ လုံး ၈ လုံးကျတယ်။ ကျောင်းခေါင်မိုးနဲ့ ဇရပ်တွေ ပျက်စီးတယ်။ ရွာသားတွေလည်း ထွက်ပြေးကြတယ်။”
ရွာသားတွေဟာ သီပေါမြို့ကို ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပေမဲ့ လမ်းမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ တိုးမိပြီး မြို့ထဲဘက်ပေးမသွားဘဲ တခြားရွာတွေဘက်ကိုပဲ သွားခွင့်ပြုတယ်လို့ ရွာသားက ပြောပါတယ်။
ရွာနဲ့ သီပေါမြို့ကြားမှာ ခမရ ၅၀၃ နဲ့ ခလရ ၂၃ စစ်ကောင်စီတပ်စခန်းတွေရှိတာကြောင့် တိုက်ပွဲကြားပိတ်မိမှာစိုးလို့ တားမြစ်တာလည်းဖြစ်နိုင်သလို သူတို့ရှိတဲ့နေရာ ရွာသားတွေက စစ်တပ်ကို သတင်းပေးမှာစိုးလို့ တားမြစ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မနေ့ညပိုင်းမှာလည်း သန်ခေါင်ယံထိပစ်ခတ်သံကြားရပြီး ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မှာတော့ တိုက်ပွဲငြိမ်နေသေးတယ်လို့ ဒေသခံက ပြောပါတယ်။