ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၀ ရက် ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးကာ ၂ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့က ရပ်ရွာတွေကို ဇန်နဝါရီ ၁၀ ရက် ည ၁၂ နာရီလောက်မှာ ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အံတော်သိမ်ဘုရားမှာ အိပ်နေတဲ့ ရောဂါအခံရှိသူ အသက် ၇၀ အရွယ် ဦးအောင်ထွန်းစိန်ဟာ လက်နက်ကြီးပစ်သံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ညနေ ၄ နာရီလောက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၅၀ အရွယ် ဦးစိန်အောင်ရဲ့ ညာဘက်ညှပ်ရိုးမှာ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်မှာလည်း မြောက်ဦးအခြေစိုက် ခမရ ၅၄၀၊၃၇၇ တပ်ရင်းတွေက ည ၈ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် ဦးသောကြာအောင် အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံတခုကို ပို့ဆောင်ကာ အရေးပေါ် ဆေးဝါးကုသပေးထားတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်ကနေ အခုဇန်နဝါရီ ၉ ရက် ညအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂၄ ယောက်သေဆုံးကာ ၃၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘော်မားကျေးရွာမှာလည်း မြေပြင်တိုက်ပွဲမဖြစ်ဘဲ ဇန်နဝါရီ ၁၀ ရက်ည ၈ နာရီလောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
"လက်နက်ကြီးက သွပ်မိုးသွပ်ကာအိမ်ပေါ်ကို ကျတာ။ ညမီးလှုံနေတဲ့ ဦးလောင်ဇုံးရဲ့ ခါးကနေ လက်နက်ကြီးစက ဖောက်ထွက်သွားတယ်၊ ကျောက်ကပ်နဲ့ အူတွေပါ အပြင်ထွက်လာတယ်လို့ ပြောတယ်" လို့ မိုးကုတ်မြို့နယ်ပကဖက သတင်းတာဝန်ခံ နွေဦးသံစဥ်က ပြောပါတယ်။
မိုးကုတ်မြို့ဘော် မားကျေးရွာဘက်ကို စစ်ကောင်စီတပ် က မိုးကုတ်အနောက်ပိုင်းကနေ လက်နက်ကြီး လေးချက်လှမ်းပစ်ခတ်ခဲ့တယ်လို့ မိုးကုတ်ဒေသခံတဦးက ပြောပါတယ်။
"မနေ့ညက လက်နက်ကြီးပစ်တဲ့ အသံလေးချက်ကြားရတယ်၊ တအုန်းအုန်းနဲ့လေ။ တောင်ပေါ်ကနေဆိုတော့ ပစ်တာတောင် အလင်းတန်း တက်သွားတာမြင်ရတယ်၊ ဘော်မားဘက်ကိုပစ်တာပဲ။"
စစ်ကောင်စီတပ်က မိုးကုတ်မြို့ ဘော်မားကျေးရွာ၊ ကျောက်ဆင်ကျေးရွာဘက်ကို မကြာခဏ လက်နက်ကြီး လှမ်းပစ်ခတ်လေ့ရှိပြီး ကျောက်ဆင်ရွာက လူငယ်တဦးလည်း လက်ထိမှန်ခဲ့ဖူးတယ်လို့ သိရပါတယ်။